Search This Blog

Tuesday, February 2, 2016

*** မောင် *** ( ရင်ခွင်ရှိန်း )


ရှိန်းသူအောင်

.






 မောင် ။
ကျမ မောင့်ကို မြင်နေရပါလျှက်နဲ့ အလွမ်းစိတ်ကို သတ်မပစ်နိုင်ဘူး။
မောင်က ကျမကို အရူးမလေးလို့ခေါ်တယ်နော် ။
ကျမ မရူးပါဘူးမောင်ရယ်။ မရူးလို့သာမောင့်ကို ချစ်နေတာပေါ့ ။
ဒါမှမဟုတ်ရင်လည်း ကျမ အရမ်းရူးလွန်းလို့မောင့်ကိုချစ်နေတာလည်းဖြစ်နိုင်တာပဲ။
ကျမဒီနေ့တစ်နေ့လုံးငိုနေမိတယ်မောင်။
လွန်ခဲ့တဲ့ ခြောက်နှစ်က မိုးရွာထဲမှာ မောင့်ကိုမချစ်နိုင်ဘူးလို့ ပြောခဲ့မိတယ်။
ကျမက ခံစားမှုတစ်ခုကိုအကြာကြီးသိမ်းထားရုံကလွဲပြီး မောင့်ကိုသိပ်မညာတတ်ပါဘူး။
ကျမ အဲ့ဒီတုန်းက မောင့်ကိုတစ်ကယ်မချစ်ပါဘူး ။
မောင်က ကွမ်းတွေလည်းစားတယ်။ ဆေးလိပ်ကလည်း တစ်လိပ်ပြီးတစ်လိပ်သောက်နေတာပဲ။
ပြီးတော့ စကားပြောရင်လည်း တစ်လမ်းလုံးမောင့်အသံကြီးပဲ ။
ဆရာကြီးကလည်းလုပ်သေးတယ်။ မောင်က ရုပ်လည်းဆိုးတယ်။
*မင်းက ငါ့ကိုမချစ်ဖူးလို့ပြောတယ် ။ မတတ်နိုင်ဘူး ... မင်းစကားရဲ့ဆန့်ကျင်ဘက်ကို ငါက
ပြောယူရမှာပဲ* တဲ့ ။ မောင်ဒီလိုပြောခဲ့တယ်။
မောင်က လူသားဆန်ဆန်ခံစားမှုမျိုးကိုနှစ်သက်တယ်လို့ ခဏခဏပြောတယ်။
ဒါပေမယ့် ကျမအမြင်မှာတော့ မောင်က စက်ရုပ်လေးပါပဲ ။ အသက်ရှုနေတာကလွဲလို့ပေါ့။
မောင့်ဆံပင်ရှည်ရှည်တွေကိုလည်း ကျမ မကြိုက်လွန်းခဲ့ပါဘူးကွယ် ။
မောင်တို့ကျောင်းမှာတက်နေတဲ့အဆောင်ကညီမလေးတွေကပြောတယ် ။ မောင်ကလူဆိုးတဲ့။
ကျမ ဘာမှမသိဘူးမောင်။ မောင့်ကို ကျမ ကြောက်ခဲ့တယ်။
မောင် ရည်းစားစကားပြောတော့ ကျမ ထီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားခဲ့မိတယ်။
မောင် ကျမ လက်ကိုလာကိုင်ရင် ဒါမှမဟုတ် ကျမ ပုခုံးကိုလာကိုင်ရင် ရိုက်ပစ်လိုက်ရအောင်လို့လေ။
ဆေးလိပ်သောက်လွန်းလို့ မောင့်နှုတ်ခမ်းတွေက ညိုမည်းနေတာလား ။
အအေးမိလို့မောင်ချမ်းနေတာလား ။ ဘာလို့ အဲ့ဒီတုန်းက ဒီလိုအတွေးမျိုးမတွေးခဲ့မိတာလည်းမသိဘူး။
အဆောင်ကို နောက်တော့ မောင်ခဏခဏဖုန်းဆက်တယ်။ ကျမ အရမ်းစိတ်ညစ်ခဲ့တာပဲမောင်။
ကျမ ကိုမနှောင့်ယှက်ပါနဲ့လို့ပြောလိုက်မိတယ်။ မောင်ဘယ်လောက် နာကျင်လိုက်မလဲနော် ။
ဒုက္ခပါပဲမောင်ရယ် ။ ကျမ မျက်ရည်တွေထိန်းလို့မရဘူး။ ကျမ ခု ငိုနေမိတယ်။
မောင့်လက်ရေးနဲ့ရေးပေးတဲ့စာကို ကျမ မဖတ်ဖြစ်ပါဖူး ။
အဆောင်ကညီမတွေဖတ်ပြီး တခစ်ခစ်ကြိတ်ရယ်သံကို ကျမကြားတယ်။
ကျမ စိတ်ထဲ ဘာတွေဘ၀င်မကျဖြစ်နေခဲ့မှန်း ကျမ မသိပါဘူးကွယ်။ အဲ့ဒီစာကိုသွားယူပြီးဆွဲဖြဲလိုက်ချင်ခဲ့တယ်။
မိုးတွေ ခု ရွာနေတယ်မောင် ။ သိလား ။ လွန်ခဲ့သောနှစ်များဆီကအတိုင်းပဲ ။
*အသက်ဓာတ်လေးကို စစ်ယူနေရတဲ့အချိန်ပါ မမ*
မောင်ပြောတဲ့စကားတွေလည်း ကျမ နားမလည်ခဲ့ပါဘူး။ မောင့်ကဗျာတွေ ကိုလည်းမကြိုက်ပါဘူး။
ကိုသူရ ကိုမောင်မှတ်မိသေးတယ်မှတ်လား ။ မောင် ကျမနောက်ကိုမလိုက်အောင်ဆိုပြီး
မောင့်ရှေ့မှာ သူနဲ့ အတူတူရယ်မောပြီးလမ်းလျှောက်ပြရသေးတယ် ။
လွယ်အိတ်ကိုဆုပ်ကိုင်ထားမိပြီး ရင်ခုန်နေခဲ့တာကလွဲလို့ ကျန်တာအဆင်ပြေခဲ့ပါတယ်မောင်။
ကျမ က ခပ်ပိန်းပိန်းပါ မောင်ရယ်။ စာတွေဘာတွေလည်းမဖတ်တော့ ဘာမှသိပ်မသိပါဘူး ။
မောင်အရက်တွေသောက်ပြီး လဲနေတယ်တဲ့။သူများတွေပြောတာ ကျမကြားတယ်။
သေသွားလည်း အေးတာပဲ လို့ ကျမ ပြန်ပြောခဲ့တယ်မောင် ။ မဟုတ်ဘူး မောင်။
တစ်ကယ်တော့ မောင်က အဲ့ဒီကစပြီး ကျမနှလုံးသားထဲမှာ ရှင်သန်လာတာပါ ။
မောင်ခု ကျမ ရေးပေးတဲ့စာကိုသေချာဖတ်နော်မောင် ။ ဒါကျမနှလုံးသွေးတွေမို့လို့ပါ။
မောင့်ကို ကျမ ချစ်တယ်မောင်။ ဒါပေမယ့် ဘယ်လိုကြီးမှန်းမသိဘူး ။
*ရှင်က အရူးပဲ* လို့ကျမ ငိုပြီးပြောခဲ့မိတယ်။ ကျမကဘာမှန်းလည်းမသိပါဘူးမောင်ရယ်။
ချစ်လည်းငိုတယ်။ ကြောက်လည်းငိုတယ်။ ဘာမှန်းမသိတဲ့ခံစားမှုတစ်ခုခုရရင်လည်းငိုတတ်တာပဲ။
*ဒီဘ၀မှာ မင်းပေးတဲ့ချစ်ခြင်းမေတ္တာကို ကိုယ် ရရှိဖို့လိုတယ်။ ဒီအတ္တလေး မင်းယူပါကွာ* တဲ့
ကျမ ကြောက်ကြောက်လန့်လန့်နဲ့ပဲ မောင့်ကို ခေါင်းငြိမ့်ခဲ့တယ်မောင် ။
မောင်ဖမ်းဆုပ်ထားတဲ့ ကျမ လက်ကောက်ဝတ်က နာကျင်မှုက ကျမ မောင့်ကိုလိမ်ညာပြီးအဖြေပေးလိုက်မိခြင်းပဲ။
ထီးကိုလွှင့်ပစ်ပြီး ကျမ ကို ပွေ့ဖက်ထားတဲ့မောင့်တစ်ကိုယ်လုံးဟာ တုန်ရီလို့ ။ ကျမ အံ့သြမိခဲ့တယ်။
မိန်းမတစ်ယောက်ရဲ့လိမ်ညာမှုက မောင့်အတွက် အရက်သောက်ခြင်းလား ။
ကဗျာတွေရေးခြင်းလား ။ မိုးစက်တွေအောက်မှာ ခိုတွဲနေတဲ့မျက်ရည်တွေကို ဖုံးကွယ်ပစ်ခြင်းလား ။
ကျောင်းပိတ်ရက်တွေ မြန်မြန်ရောက်ပါစေလို့ ကျမ ဆုတောင်းခဲ့တယ်။
ယောက်ျားတစ်ယောက်ရဲ့ရယူပိုင်ဆိုင်လိုမှုတွေကို ကျမ ကြောက်လန့်ခဲ့တယ်။
ကျောင်းပိတ်ရင် နယ်မြို့ကို ကျမပြန်မယ်။ မောင့်ကို ရှောင်မယ်လို့တွေးခဲ့မိတယ် ။
မောင် ။ ကျမ စိတ်မကောင်းပါဘူး ။ ကျမ မောင့်ရဲ့ချစ်ခြင်းမေတ္တာကိုအကြိမ်ကြိမ်လိမ်ညာခဲ့ရတယ်။
ခု မိုးတွေ တအားရွာလာပြီမောင် ။ တက္ကသိုလ်ကခုံတန်းလေးကို ကျမ ပြန်သတိရတယ်သိလား ။
ခုံတန်းလေးပေါ်မှာ *မမကို ချစ်တယ်* ဆိုတဲ့စာသားကို မောင်ရေးတယ်။ ရူးလိုက်တာမောင်ရယ်။
သူများတွေမြင်တော့ ပြုံးစိစိလုပ်ကြတာပေါ့ ။ မောင်က တစ်ကယ်မကောင်းဘူး ။
ကျမ ပျော်သလို စိတ်ရှုပ်ထွေးသလိုနဲ့ ။ ခုံတန်းပေါ်မှာ အဲ့ဒီစာသားဟာ နေ့တိုင်း ထင်းနေတာပဲ။
ဘယ်တော့မှမှိန်မသွားဘူးမောင်။ မောင်ဟာ နေ့တိုင်း အဲ့ဒီစာသားကိုထပ်ထပ်ရေးနေတယ်ဆိုတာ ကျမသိလာတယ်။
မောင့်ဆီကို ကျမ ရောက်လာခဲ့တယ်။ မောင် ကျမ ကိုအဲ့ဒီတုန်းကကြည့်တဲ့အကြည့်ကို ကျမ မှတ်မိသေးတယ်။
ဘယ်တော့မှ မောင့်ဆီက အဲ့ဒီလိုအကြည့်မျိုးဒီဘ၀မှာထပ်မရပါစေနဲ့လို့လည်း ကျမ ခုဆုတောင်းတယ်။
မောင်ရယ်။ ကျမ မောင့်ကို ချစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုကြီးမှန်းမသိဘူး။
ကျမ ဒါပဲပြောတတ်တယ်မောင် ။ မောင်က ရယ်တယ်။
နာကျင်မှုတွေနဲ့ရယ်ရတဲ့အရသာကိုကျမ မသိဘူးမောင်။
ဒါပေမယ့် အဲ့ဒီရယ်သံက ကျမကို အရမ်းနာကျင်စေခဲ့တာတော့ အမှန်ပဲ ။
ကျမ မိုးရွာထဲမှာ တစ်ချိန်လုံးရပ်နေမိတယ်မောင် ။ ကျမ ငိုနေခဲ့တယ်။
စိတ်နှလုံးထဲမှာ ကြေကွဲလိုက်ရတာ မောင်ရယ် ။ ကျမ က လိမ်ညာတဲ့သူ ။
ကျမ က ချစ်ခြင်းမေတ္တာကိုပချုပ်ထဲ ထည့်ထားခဲ့သူ ။ *မမကို ချစ်တယ်*ဆိုတဲ့စာသားကို ရှက်တတ်ခဲ့သူ။
မောင်ရောက်လာတယ်။ ကျမ မျက်ဝန်းတွေကို မောင်မြင်ခဲ့တယ်။
ကျမ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ အသံကို မောင်ကြားခဲ့တယ်။
7.5.2007 ။ မောင် ကျမ ကို ချစ်တယ်။ ကျမ လည်း မောင့်ကို ချစ်တယ် လို့ ပြန်ပြောခဲ့တယ်။
ခုဆို မောင်ကခဏခဏ ချစ်ရဲ့လားလို့ မေးတယ်။ ဘာဖြစ်လဲ ။
ကျမလည်း ချစ်တယ်လို့ ခဏခဏပြောခွင့်ရတာပေါ့။
ကျမ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာကနေ မောင်ဘာကိုကြားနိုင်မယ်ထင်လဲ။
မောင် ဆိုတဲ့ အခေါ်အဝေါ်လေးပဲ့တင်ထပ်နေသံကိုပဲ မောင်ကြားလိမ့်မယ်။
ကျမ ခု ငိုနေတယ် မောင်။
ဘေးမှာ မောင်က စာဖတ်နေတယ်။ ကျမ က ငိုနေတယ် ။
မောင်ကတော့ ရယ်နေတယ်
.


ရင်ခွင်ရှိန်း

No comments:

Post a Comment