Search This Blog

Thursday, February 18, 2016

အလွမ်းဆိုတာ လူကြားလို့မကောင်းတဲ့ ဘာသာစကား ( ဆူးခက်မင်း )




( ၁ )

မခင်မိရဲ့ မျက်လုံးတွေ ဘယ်တော့ပွင့်လာမလဲလို့ ကျွန်တော် ထိုင်စောင့်နေမိသည် ။
ဘယ်တော့မှ ပြန်ပွင့်လာမှာမဟုတ်မှန်း သိသိရက်နဲ့ ကျွန်တော် ထိုင်စောင့်နေမိသည် ။
ကျွန်တော် ပြုံးမိသည် ။ မခင်မိ အိပ်နေသည်မှာ ဟမ်းလော့ခ်ပန်းတစ်ပွင့် ငြိမ်သက်
တိတ်ဆိတ်နေပုံမျိုး ၊ ဖြူလွငြိမ်းချမ်းလွန်းသည် ။

" မခင်မိ ဘ၀မှာ အဖြစ်ချင်ဆုံးဆန္ဒက ဘာဖြစ်မလဲ"

" ကိုယ့်လက်ကောက်ဝတ်ကိုယ် ဓားနဲ့ လှီးပစ်ချင်တာ ..
ဒါပေမယ့် .. သွေးမြင်ရင် ကြောက်တတ်တယ် "

" မခင်မိရယ် .. "

မခင်မိ၏ လက်ကောက်ဝတ်နေရာလေးကို ကျွန်တော် ငုံ့နမ်းလိုက်သည် ။
ဟမ်းလော့ခ်ပန်းမှာ မည်သည့်ရနံ့ရှိသည်ဟု သေချာစွာ မသိသော်လည်း ၊
မခင်မိ၏ လက်ကောက်ဝတ်မှာမူ စက္ကူဖြူတစ်ရွက်၏ရနံ့နှင့် အနည်းငယ်
ဆင်တူနေလေသည် ။ မည်သည့်အရာမျှ ရေးခြစ်ထားခြင်း မပြုရသေးသော
စက္ကူဖြူတစ်ရွက်သည် မခင်မိဖြစ်လေသလား ။ ကျွန်တော်က ထိုစက္ကူဖြူပေါ်တွင်
ခရမ်းရောင်ဆေးစက်တချို့ ကြဲပက်ချင်နေသူ ။

" ကျွန်တော် မခင်မိကို ချစ်တယ် လို့ ပြောရင် ... "

မခင်မိ ပြုံးပါသည် ။ သူမ၏ အပြုံးက ညဥ့်နက်နက်တွင် ကြွေကျသွားသော
ကြယ်တစ်စင်းလို လျှို့ဝှက်သိပ်သည်းလွန်းလှသည် ။ မည်သည့်အဓိပ္ပါယ်
ဖော်ဆောင်သည်ဟု ကျွန်တော် မခန့်မှန်းတတ် ။

" အချစ်ဆိုတာ လူသုံးကုန်ပစ္စည်းပဲ .. တန်ဖိုး အနည်းအများအလိုက်
ကွာခြားသွားတတ်တာမျိုးပဲ သားဇော် .. "

ကျွန်တော် မခင်မိနှင့် ရိုင်းရိုင်းစိုင်းစိုင်းပင် သဘောထားကွဲလွဲပစ်လိုက်သည် ။
ကျွန်တော်ဆိုတဲ့ကောင်က မခင်မိကို ဘယ်လိုတန်ဖိုးမျိုးမှ တံဆိပ်ကပ်လို့မရလောက်အောင်
အမြင့်မားဆုံးတန်ဖိုးထားပြီးချစ်ခဲ့တာ ။ အချစ်ဆိုတာ လေလံပွဲမဟုတ်ဘူး မခင်မိ ။
လမ်းဘေးမှာ ချရောင်းနေတဲ့ လေဘေးထည်လည်းမဟုတ်ပါဘူး ။

" ဒါဆိုရင် အချစ်ဆိုတာ ဘာလဲ ... မင်း ဖြေလေ .. သားဇော် "

ကျွန်တော် မခင်မိကို ပြုံးပြလိုက်ပါသည် ။ သရော်လိုသောဟန် အနည်းအကျဉ်း
ဖြည့်စွက်လိုက်သည်မှအပ ကျွန်တော့်အပြုံးတွင် အဖြေတစ်ခုခု ပါမသွားစေရန်
အထူးပင် သတိပြုလိုက်ရသည် ။ အံ့သြစရာကောင်းလောက်အောင် ကျွန်တော့်
အပြုံးက မခင်မိ၏ မျက်နှာအပြောင်းအလဲကို ရိုက်ခတ်သွား၏ ။

မခင်မိ လှည့်ထွက်သွားသည် ။ ဆံနွယ်ရှည်တို့က ၀ဲလွင့်ကာ ကျွန်တော့်ပါးပြင်ကို
ကြမ်းကြမ်းရှရှပင် လာရောက်ထိခတ်၏ ။ ကျွန်တော် လက်ပြမနှုတ်ဆက်ဖြစ်သလို
အံကိုလည်း ကြိတ်မထားမိပါ ။ ထို့ထက်ပို၍ ကျွန်တော် မျက်ရည်လုံးဝမကျသည်မှာ
အသေချာဆုံးဖြစ်လေသည် ။

ကျွန်တော်ကျန်ရစ်ခဲ့ပါသည် ။ ၀ဋ်ကြွေးတစ်ခု ၊ အလွမ်းနှင့်ဓာတ်မတည့်ခြင်းရောဂါ
တို့ဖြင့် ကျွန်တော် ကျန်ရစ်ခဲ့ပါသည် ။ အမှန်တော့ ကျွန်တော် စိတ်ရှိလက်ရှိ
ငိုကြွေးပစ်လိုက်ဖို့ကောင်းသည်မဟုတ်ပါလား ။ ငိုချင်စိတ်မရှိသော်လည်း
ငိုချပစ်လိုက်ဖို့ ကြိုးစားမိသည် ။ မခင်မိရော ငိုနေမည်လား ။

ထိုနေ့သည် မခင်မိကို နောက်ဆုံး တွေ့ လိုက်ရသောနေ့ ဖြစ်၏ ။





( ၂ )

မခင်မိဟာ ကျွန်တော့်ရဲ့  ဖန်ပုလင်းလွတ်ထဲက စက္ကူငှက်လေးတွေ ဖြစ်တယ် ။
ပျံသန်းခွင့်ပေးပါ မခင်မိ ။ ကျွန်တော်ဟာ လေဟာနယ်ထဲမှာ ကျဉ်းကျဉ်းကျုတ်ကျုတ်
လှောင်ပိတ်ခံနေရသူပါ ။ မခင်မိရဲ့ အပြုံးတွေဟာ ကျွန်တော့်အတွက် နိစ္စဓူဝ အစာရေစာ ။
မခင်မိရဲ့ မျက်ဝန်းတွေထဲမှာ ဘယ်လိုအရာမျိုးတွေ ထည့်သွင်းဖြည့်စွက်ထားပါသလဲ ။
ရူးလိုက်ရတာ မခင်မိရယ် ။ အဲ့သည့် မျက်ဝန်းနက်နက်တွေ ၊ ပါးချိုင့်နက်နက်လေးတွေထဲမှာ
ကျွန်တော် တစ်ဘ၀လုံးစာ ရူးသွပ်ခဲ့ရလေခြင်းပေါ့ ။

" မခင်မိရဲ့ ပါးပြင်ပေါ်က သနပ်ခါးကွက်လေးတွေ ဖြစ်ချင်တယ် "

" ဘာလို့လဲ သားဇော် "

" ကျွန်တော် အမြဲ နမ်းရှိုက်ခွင့်ရချင်လို့ပါ မခင်မိ "

ဘ၀ပေါင်းများစွာ ရူးသွပ်ခဲ့ရပါတယ် မခင်မိရယ် ။ ကျွန်တော့်မှာ ဘယ်လိုဝဋ်ကြွေးမျိုးကို
ဆုပန်ခဲ့မိပါလိမ့် ။ နေ့ပေါင်းများစွာ ၊ ညပေါင်းများစွာ .. မခင်မိရဲ့ အရိပ်လေးတွေကိုပဲ
တရှိုက်မက်မက် ကြည့်နေရ ။ ကျွန်တော့်မှာ ၀ဋ်တွေလည်း အကြီးကြီးလည်ရတယ် ၊
စိတ်တွေလည်း အကြီးကြီး ညစ်ရပါတယ် မခင်မိ ။

ဒီအချိန်ဆို မြေသင်းနံ့တွေ ပျံ့မွှေးနေမလားပဲ ။ ကျွန်တော် မိုးရာသီတစ်ခုလုံးကို
သော့ခတ်သိမ်းထားခဲ့တာ ကြာပြီ ။ မခင်မိရဲ့ သေတ္တာအဟောင်းလေးထဲက
ဓာတ်ပုံတစ်ပုံရဲ့ ပိုင်ရှင်ဟာ ကျွန်တော် ဖြစ်မလား ။ မခင်မိရဲ့ စက္ကူငှက်လေးတွေထဲမှာ
သားဇော်လို့ နာမည်ပေးထားတဲ့ ခပ်နွမ်းနွမ်းစက္ကူငှက်လေးတစ်ကောင် ပါနေမလား ။
လွမ်းရပါတယ် မခင်မိရယ် ။ အဲ့ဒီစကားကို အကြိမ်ပေါင်း လေးသောင်းရှစ်ထောင်နီးပါး
ဟစ်အော်နေမိရပါတယ် ။

" သားဇော်သာ ဖန်ဆင်းရှင် ဖြစ်ခဲ့မယ် ဆိုရင် ... မင်း ဘယ်အရာကို
အရင်ဆုံး ဖန်ဆင်းမလဲ "

" ကျွန်တော် မခင်မိကို အရင်ဆုံး ဖန်ဆင်းမယ် .. ပြီးရင် ..
ကျွန်တော့်ရဲ့ လွတ်ဟာနေတဲ့ နံရိုးတစ်ချောင်းကို ဖြည့်စွက်ပစ်မယ် ..
ကျွန်တော် ဘယ်အရာကိုမှ မဆုံးရှုံးချင်ဘူး မခင်မိ "

မခင်မိ ပြုံးသည် ။ မခင်မိ၏ အပြုံးတိုင်းသည် ကျွန်တော့်အတွက် ရင်ခုန်သံ
အသစ်အသစ်ပေါင်းများစွာ ဆွတ်ယူနိုင်ကြောင်း အစောကြီးကတည်းက
သိခဲ့ဖို့ကောင်းသည် ။ ကျွန်တော် သက္ကရာဇ်ပေါင်းများစွာ နောက်ကျခဲ့ဖူးပါသည် ။

ကျွန်တော်သည် မခင်မိနှင့် မတွေ့ရှိမီက အလွန်အတ္တကြီးသော လူငယ်တစ်ယောက်
ဖြစ်ခဲ့သည် ။ ကျွန်တော့်၏ အတ္တအားလုံးကို မခင်မိ သိမ်းပိုက်သွားသော နေ့မှာ
ကျွန်တော့်မွေးနေ့ဖြစ်ခဲ့သည်မှာ အံ့သြဖွယ်ရာ တိုက်ဆိုင်မှုတစ်ရပ် ဖြစ်ကောင်းဖြစ်နိုင်သည် ။

" သားဇော် .. မွေးနေ့လက်ဆောင် ဘာလိုချင်လဲ "

" မခင်မိဆီက ချစ်တယ်ဆိုတဲ့ စကားကို ကြားချင်တယ် "

" စက္ကူငှက်လေးတွေ ခေါက်ထည့်ထားတဲ့ ဖန်ပုလင်းလေး လက်ဆောင်ပေးမယ် ဆိုရင်ရော "

ကျွန်တော် ကျေကျေနပ်နပ်ကြီး ရူးရပါသည် မခင်မိ ။





( ၃ )

မခင်မိရဲ့  အသွေးအသားတွေထဲ ကျွန်တော် ဘယ်နှစ်ရာခိုင်နှုန်း ဆူပွက်ခွင့်ရခဲ့သလဲ ။
ချစ်ခြင်းမေတ္တာနဲ့ လက်တစ်ကမ်းအလိုမှာ ငူငူငိုင်ငိုင်နဲ့ ကျွန်တော် ထိုင်စောင့်နေတယ် ။
မခင်မိရဲ့  လက်ဖ၀ါးထက်က အရေးအကြောင်းလေးတွေဟာ ကျွန်တော့် အနာဂတ်
ဖြစ်တယ် ဆိုတာ ၊ မခင်မိကို မပေးဖြစ်ခဲ့တဲ့ ကဗျာတွေထဲမှာ ကျွန်တော့်ကျရှုံးခန်းတွေ
အပြည့်အ၀ပါဝင်နေတယ် ဆိုတာ မခင်မိ သိပါလေစ ။

" မခင်မိရဲ့  ခြေသည်းလေးတွေကို ညှပ်ပေးချင်တယ် "

" အိုကွယ် ... ဘုန်းတွေဘာတွေ နိမ့်ကုန်မှဖြင့် သားဇော်ရယ် .. "

ခန္ဓာကိုယ် အထက်ပိုင်းတွင်ရှိသော အရာများကို မြင့်မြတ်သည်ဟုလည်းကောင်း ၊
ခန္ဓာကိုယ် အောက်ပိုင်းတွင်ရှိသော အရာများကို နိမ့်ကျသည်ဟုလည်းကောင်း ၊
အဘယ်ပညာရှိက ပညတ်ခဲ့ပါသနည်း ။ ကျွန်တော် မခင်မိ၏ ခြေသည်းလေးများကို
တယုတယ ညှပ်ပေးချင်နေပါသည် ။ မည်ကဲ့သို့သော အတွေးမျိုး ၊ စိတ်ကူးမျိုးလဲ ဟု
မေးလာပါလျှင် ပြန်ဖြေရှင်းရန် ဟုတ်တိပတ်တိ အဖြေမျိုး မရှိပါ ။ ထို့ကြောင့်
ကျွန်တော့်ကို ရူးသွားပြီဟု သတ်မှတ်ချင်လျှင်လည်း ဖြစ်ပါသည် ။ ပုထုဇနော
ဥမ္မတကော ဟူသည့် စကားလုံးကြီးကြီးကျယ်ကျယ်များကို မသုံးစွဲချင်၍ ၊
ရိုးရိုးလေးပင် ဟုတ်ကဲ့ ကျွန်တော် ရူးနေပါသည် ဟု ပြန်ဖြေဖြစ်မည်ထင်ပါသည် ။

" ဒီလိုနဲ့ ကျွန်တော်တို့ ကမ္ဘာပေါင်း ဘယ်နှစ်ခုစာ ဝေးခဲ့တာလဲ မခင်မိ "

မခင်မိ နှစ်လိုဖွယ်ရာ ပြုံးပါသည် ။ မခင်မိသည် အဓိပ္ပါယ်အမျိုးမျိုးဖော်ဆောင်သော
အပြုံးပေါင်းများစွာ ပြုံးတတ်သူဖြစ်သည် ။ မခင်မိ၏ အပြုံးထဲတွင် ရင်ခုန်လှိုက်မောခဲ့ဖူးသည် ၊
သာယာတိမ်းမူးခဲ့ဖူးသည် ၊ လွင့်လွဲပူဆွေးခဲ့ဖူးသည် ၊ ထို့ပြင် ပြောပြရန် မစွမ်းနိုင်သော
ခံစားမှုများစွာလည်း ဖြစ်တည်ခဲ့ရဖူးလေသည် ။

" မခင်မိကို ချစ်ရတာ မပင်ပန်းဘူးလား သားဇော် "

" မခင်မိဟာ မီးတောက်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်က ပိုးဖလံတစ်ကောင် ၊
ဒါမှမဟုတ် မခင်မိဟာ လောင်ကျွမ်းပြာကျသွားမယ်ဆိုရင်တောင် ကျွန်တော်က
အဲ့သည့်ပြာပုံကိုပဲ ဇွတ်တရွတ်ဝင်တိုးမယ့် ခွေးတစ်ကောင် ဖြစ်လိမ့်မယ် မခင်မိ "

မခင်မိ ပြုံးပါသည် ။ ကျွန်တော့်ကျဆုံးခန်းများတွင် အဓိကဇာတ်ကောင်အဖြစ်
ဝင်ရောက်အသုံးတော်ခံခဲ့သူများထဲတွင် မခင်မိ၏ ပါးချိုင့်ကလေးလည်း
အပါအ၀င်ဖြစ်၏ ။ ထိုအကြောင်းကို ကျွန်တော့်သူငယ်ချင်း ရုပ်သေးက
ကဗျာတစ်ပုဒ် ရေးဖြစ်ခဲ့သေးသည် ။

" သူမရယ်သံမှာကိုက
ကမ္ဘာကြီးသွက်သွက်ခါ .. ဆိုတဲ့
စာလုံးပေါင်း ပါပြီးသား
ဘယ်လောက် ဆိုး ၀ါး လိုက် ပါ သ လဲ
ပါးချိုင့်နက်လေးထဲ ခုန် ခုန် ချ "

ဒီလိုနဲ့ ကျွန်တော်တို့ မိုင်တိုင်ပေါင်းများစွာ ဝေးခဲ့ကြတယ် မခင်မိ ။





( ၄ )

“ လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးလိုက်ရုံနဲ့
ဘ၀နှစ်ခုဟာ ပေါင်းစည်းပြီးသား ဖြစ်သွားရောလား ..
အဲ့ဒီလို ပညတ်ချက်တွေကို သားဇော် ယုံကြည်လား "

ကျွန်တော် တသမတ်တည်း တွေးခဲ့သော အတွေးအခေါ်များသည်
မခင်မိနှင့် နှိုင်းယှဉ်လိုက်လျှင် အရမ်းကို ရိုးစင်းနေသည်ကို တွေ့ ရသည် ။
မခင်မိက ကျွန်တော့်ဘ၀ကို ယူသွားခဲ့သည် ။ ကျွန်တော်က မခင်မိကို
ကျွန်တော့်ဘ၀အား ထိုးအပ်ပေးလိုက်သည် ။ မေတ္တာဟူသည်
အလျားအနံမရှိ ၊ အသွားအပြန်ရှိသည် ဆိုသော စကားအဟောင်းအနွမ်းကြီးကို
ကျွန်တော် ရဲရဲဝံ့ဝံ့ ဆန့်ကျင်ပစ်လိုက်သည် ။

" ကျွန်တော် မခင်မိကို ဒီနေရာလေးမှာပဲ ဒီလက်ဖက်ရည်တစ်ခွက်နဲ့ပဲ
ဆက်လက် စောင့်မျှော်နေမှာပါ .. မခင်မိအတွက် ကျွန်တော်ဟာ
အရေးပါ အရာရောက်တဲ့လူတစ်ယောက်လို့ အိပ်မက်ထဲမှာပဲဖြစ်ဖြစ်
ထင်ယောင်မိရင် ... "

အထီးကျန်လက်ဖက်ရည်ခွက်ထဲသို့ အကြောင်းမဲ့ ဇွန်းဖြင့် မွှေနေမိသည် ။
ပုံမှန်ထက်ပို၍ကျသော ကျဆိမ့်တစ်ခွက်သည် ကျွန်တော့်အတွက်
ပုံမှန်မဟုတ်သလို ခံစားနေရသည် ။ မခင်မိက ပုံမှန်မဟုတ်တာလား ၊
ကျွန်တော်ကပဲ အများကြီး မျှော်လင့်နေမိတာလား ။ မခင်မိ၏
ဖြစ်စဉ်ထဲတွင် အမှုန်အမွှားလေးတစ်ခုစာလောက်အနေဖြင့်
ပါဝင်ရှင်သန်ခွင့်ရခဲ့လျှင် ... ။

" မခင်မိ ကျွန်တော့်ဆီ ဘယ်တော့ ပြန်လာမလဲလို့
ကျွန်တော် မမေးတော့ဘူး .. မခင်မိ ပေးထားတဲ့
စက္ကူငှက်လေးတွေနဲ့ .. လက်ဖက်ရည်ကျဆိမ့်တစ်ခွက်နဲ့
မျှော်လင့်ချက်မဲ့နေတဲ့ အိပ်မက်အသေတွေနဲ့ ..
ကျွန်တော် ဒီနေရာလေးမှာ ဆက်ရှိနေမှာပါ "

မခင်မိ၏ လက်ထဲတွင် ရစ်ဘီးတစ်လုံးရှိပြီး ၊ ကျွန်တော်က
စွန်တစ်ကောင် ဖြစ်၍နေလေသည် ။ ကျွန်တော် ကြိုးပြတ်ကျသွားသည် ။
ကျွန်တော် ကျိုးပျက်ကျသွားသည် ။ ထို့နောက် ရုပ်သေးရုပ်တစ်ရုပ်
ဖြစ်သွားသည် ။ မင်းသားရုပ်လား ၊ ဗီလိန်ရုပ်လား ၊ ကိုယ့်ကိုယ်ကို
မကွဲပြား ။ သို့သော် သေချာသည်က .. ကျွန်တော်သည် မခင်မိ ကြိုးဆွဲရာ
ကသည့် ရုပ်သေးရုပ် တစ်ရုပ် ဖြစ်၍နေလေသည် ။

" မျက်နှာဖုံးတွေ ချွတ်လိုက်ပါ မခင်မိ ..
ရက်စက်တဲ့ မျက်နှာနဲ့ပဲ ကျွန်တော့်ကို ကျောခိုင်းထားရစ်ပါ ..
ဟန်ဆောင်အပြုံးတွေ ကျွန်တော် ရွံမုန်းတယ် "

ထိုနေ့သည် မခင်မိကို နောက်ဆုံး တွေ့ လိုက်ရသောနေ့ ဖြစ်၏ ။



ဆူး ခ က် မ င်း

ကျွန်တော်သီကျူးရေးဖွဲ့မိသော ငပေါမလေးတစ်ကောင်အကြောင်း ( အမည်မဲ့ )




ကျွန်တော့်ထံတွင် သတ္တုလူသားဆန်ဆန်သူငယ်ချင်းမတစ်ယောက်ရှိသည်။
ကျွန်တော်သည်ယောင်္ကျားစစ်စစ်တစ်ယောက်ဖြစ်ပြီးသူမသည်မိန်းမစစ်စစ်တစ်ယောက်ဖြစ်သည်။
ဇီဝဗေဒနည်းအရသေခြာစွာခွဲခြမ်းစိတ်ဖြာရလျှင်ကျွန်တော်သည် လူသားအထီးတစ်ကောင်ဖြစ်ပြီး
သူမသည်ကားလူသားအမတစ်ကောင်ဖြစ်ပေသည်။သူမသည်ကျွန်တော့်အပေါ်မတော်တဆကောတမင်တကာပါ စိတ်ကောက်စိတ်ဆိုးပြတတ်သည်။သူမသည်နှင်းဆီအနီရောင်များကိုမုန်းတီးပြီး ဗေဒါပင်များကိုနှစ်သက်တတ်သူတစ်ယောက်ဖြစ်သည်။ သူနှင့်ကျွန်တော်သည် သူငယ်ချင်းများ ဖြစ်သည်။သူမ၏အမည်ကိုစတင်တွေ့ရှိစဉ်ကနှင်းများဝရုန်းသုန်းကားရွာနေပေသည်။
ကျွန်တော်တို့ နှစ်ယောက်ကြားတွင် စိတ်ခံစားမှုများ ချရေးဖို့ တစ်ယောက်တစ်ဝက်ရေးသည့်
ဒိုင်ယာရီစအုပ်လေးမရှိပါ။သို့သော် ဂျီတော့ဘောက်စ်လေးတစ်ခုတော့ရှိခဲ့ပါသည်။သူမစိတ်ညစ်သည့် အခါတိုင်းပြောပြတတ်သလိုကျွန်တော်စိတ်ညစ်အခါတိုင်းလည်းဖွင့်ပြောဖြစ်ပါသည်။
နင်ကအရမ်းကဗျာဆန်ချင်တဲ့ကောင်လို့ ပြောတတ်တိုင်းကျွန်တော်စိတ်မဆိုးမိခဲ့။နင်ကလည်း ဒုံးဝေးလိုက်တာလွန်ရောလို့ကျွန်တော်ပြန်ပြောတိုင်းလည်းသူမစိတ်မဆိုးတတ်ခဲ့အဲလိုပြောဖြစ်တဲ့ အခါတိုင်းသူမရီမောနေမှာသေချာပါသည်ဒါပေမဲ့သူမမျက်နှာလေးကိုကျွန်မမြင်ရခဲ့ပါ ။
သံယောဇဉ်သည် စိတ်၏ မည်သည့်အပိုင်းကို ချည်နှောင်ထားမှန်း မသိသော်လည်း ရုန်းထွက် မရမှန်းတော့ ကျွန်တော်သိပါသည်။ယခုအချိန်အထိကျွန်တော်တို့နှစ်ယောက်၏ စမ်းချောင်းလေးမှာ အဖြူရောင် ရေတွေ စီးဆင်းနေဆဲ ဖြစ်ပါသည်။ကျွန်တော်သက်ပြင်းချသံနှင့် သူမအသက်ရှုသံများ ထိပ်တိုက်တွေ့ဆုံဖူးခြင်းမရှိခဲ့ပေ။ ဒီလိုနဲ့သူမနှင့်ကျွန်တော်ဖြူစင်စွာမိုက်မဲကြသည်။စိတ်တူကိုယ်တူမှား ယွင်းကြသည်။ ပေပေတေတေရူးသွပ်ကြသည်။ တကယ်တော့ကျွန်တော်တို့နှစ်ယောက်စလုံး ထင်ရာ ကိုဇွတ်လုပ်နေကြခြင်းမဟုတ်ပါ။လွတ်လာစွာရဲရင့်နေခြင်းပင်ဖြစ်သည်။


မှတ်မိသေးပါရဲ့
ငါတို့နှစ်ယောက်ဆုံတွေ့ခြင်းနမိတ်ပုံတွေက
သူလိုကိုယ်လိုပါပဲလေ
လွမ်းလားလို့မေးရင်
ငါ မဖြေတတ်ခဲ့ဘူး
ရူးတယ် ။


အသိတစ်ခုနဲ့
သံယောဇဉ်တွေယက်ကန်းရက်
ပိုးမျှင်လိုအထပ်ထပ်ရစ်တွယ်
လွမ်းလားလို့မေးရင်
သူမ, မဖြေတတ်ခဲ့ဘူး
ရူးတယ် ။


စကားပြောရင်းမိုးလင်းသွားတဲ့ညမဖြစ်ခင်တစ်ရက်အလိုကသူမမျက်ရည်ကျပါသည်။
ဘာကြောင့်ကျမှန်းဆိုတာကိုတော့သူမရောကျွန်တော်ပါသိလိုက်ပါသည်။
သူမရဲ့မျက်ရည်စီးကြောင်းလေးတွေရပ်တန့်သွားအောင်အကောင်းဆုံးနည်း အဖြစ်
သူမညာဖက်ပါးလေးကို ကျွန်တော် နမ်းမိပါသည် ။ညင်သာနှုးညံ့စွာဖွဖွလေး နမ်းလိုက်မိသည်
ကျွန်တော်နမ်းလိုက်ခြင်းကိုသူမမသိခဲ့ပါ သိလိမ့်မည်လည်းမဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် သူမမသိအောင်ကျွန်တော် စိတ်ကူးဖြင့်ခိုးနမ်းလိုက်ခြင်းဖြစ်သည်။အဲလောက်အထိကျွန်တော် ရူးသွပ်ခဲ့ပါသည်။သူမသည်တစ်ခါတစ်လေ ကလေးအရမ်းဆန်တတ်သလိုတစ်ခါတစ်လေတော့ ခပ်တည်တည်ကြီးလုပ်နေတတ်သည်။ထိုအချိန်မျိုးတွင်သူမကိုကျွန်တော် ငပေါမလေး ဟုခေါ်တတ်ပြီး သူမက ကျွန်တော့်ကို အရူးကြီးဟုပြန်လည်ခေါ်ဆိုတတ်သည်။အရူးနဲ့ငပေါဆိုတာဒွန်တွဲနေတာဟု ကျွန်တော်ပြောသာအခါ သူမရီ(ရယ်မော) နေတတ်သည်။


နင်သိရဲ့လား
တစ်ခါတစ်ခါ
ကောင်းကင်အောက်မှာနေရာတာ
မိုးမြိုမှာကြောက်တယ် ။
ငါ့ရင်ခုန်သံတစ်ဝက်ကို
အပိုင်သိမ်းထားတဲ့
ငပေါမလေးရယ်
ငါလည်း မိုးမြိုမှာကြောက်တယ် ဟဲ့

ဤသို့ဖြင့်...သူမသည် တော်၏။ ဘာမဟုတ်သည့် နေရာ၌လည်း တော်၏။သို့သော်သူမသည် တစ်ခါတစ်လေ အူကြောင်ကြောင်နိုင်လေ့ရှိပါသည်။ ကျွန်တော့်အပေါ်သူမရန်မလုပ်ဖူး သလို ကျွန်တော်လည်းရန်မရှာခဲ့ဖူးပေ။တစ်ယောက်နဲ့ငြင်းခုန်ဖူးခြင်းမရှိခဲ့ပါဘာအရောင်ကြိုက်လဲဟု ကျွန်တော် မေးမြန်းသောအခါအပြာနဲ့ခရမ်းရောထားသော ခရမ်းပြာ ဟုဖြေသည်။တစ်ခါတစ်လေ စကားကို ဒီလိုမျိုး ခွတီးခွကျပြောတတ်သေးသည်။ ခရမ်းပြာ လို့ဖြေလိုက်ယုံနှင့်မပြီး ပိုသေချာအောင် အပြာနှင့် ခရမ်းရောထားသောအရောင်ဖြေခြင်းဖြစ်ကြောင်း စိတ်လိုလက်ရရှင်းပြတတ် သေးသည်။ ကျွန်တော်ကစိတ်ကူးတည့်ရာကို ရှုပ်ရှုပ်ထွေးထွေးပြောလျှင် သူမသည် အရေးပါသော အရာများကို ရိုးရိုးစင်းစင်း ပြောသည်။ ကျွန်တော်ကချစ်သူတစ်ယောက် အတွက် ဘ၀ကိုစဉ်းစားလျှင် သူမကဘ၀အတွက် ချစ်သူကိုစဉ်းစားသည်။

ငပေါမလေးရေ
နင်ကလည်းနင်ပါပဲ
ရွာရိုးကိုးပေါက်လျှောက်ပြီး
အိပ်မက်တွေကို မျှားနေတုန်းလား ။

နင်အိပ်မက်တွေနဲ့
မြင်းစီးထွက်တဲ့ ညက
ငါ့ကောင်းကင်ကကြယ်တွေ
အတင်းပြောတဲ့ပွဲမှာ
နင်ပါဝင်ခဲ့တာ
သိနေပါတယ် ။

တစ်ခါတစ်လေ ဒီလိုမျိုးလေးလည်း ပေါတောတောနိုင်လိုက်ပြန်သေးတယ်။ လေလှိုင်းမှလာသော စကားလုံး ၀ိဝါဒအရသူမနှင့်ကျွန်တော်အိပ်မက်တစ်ချို့အတူတူမျှားဖြစ်ခဲ့ကြသည်။လွှင့်ပါလာသော စကားလုံးများကားဖမ်းဆုပ်၍မရနိုင်မှန်းသူမရောကျွန်တော်ပါသိကြပါသည်။သို့သော် သူမနှင့် ကျွန်တော် အိပ်မက်များကို မျှားနေကြတုန်းပင်ဖြစ်သည်။ အခုအချိန်အထိ တစ်ယောက်ရင်ထဲမှာ တစ်ယောက်သံယောဇဉ်တွေအမြစ်တွယ်နေကြတုန်းပင်ဖြစ်သည်။သူမသည် ကျွန်တော့် အိပ်မက်များကိုသိမ်းပိုက်စပြုနေသာကိုလိုနီအလိုတော်ရိတစ်ယောက်ဖြစ်နေပေသည်။
ကျွန်တော်ဆိုတဲ့ကောင် သူမမျက်ဝန်း ညိုညိုလေးအောက်မှာ သူမရယ်သံလေးအောက်မှာ ကျဆုံးချင်သူတစ်ယောက်ဖြစ်ခဲ့ပြီး သူမကတော့ ဘယ်လိုအောင်နိုင်မှုမျိုးချင်ခဲ့လည်း ဆိုတာကျွန်တော်မသိခဲ့ပါ။ကျွန်တော်တုံးတာလည်းဖြစ်နိုင်ပေသည်။ကျွန်တော် ထုံအ ခဲ့ပါသည်။
ဟုတ်လည်းဟုတ်ပေသည် ကျွန်တော်ဆိုတဲ့ကောင်က သူမရင်ကို ကျွန်တော်မြင်အောင် မကြည့်နိုင်ခဲ့သေးပါ။ဒီလိုမျိုး တုံး အ ခဲ့ခြင်းပါ။သူမသည် ကျွန်တော့်ကို နာကျင်အောင် ပြုလုပ်လှည့်စားနိုင်သော မာယာရှင် နတ်သမီးတစ်ပါးမဟုတ်တာတော့သေချာပါသည်။


ငပေါမလေးရေ
နင့်မျက်ဝန်းတွေ ဘာသာပြန်တတ်ဖို့
ငါ့ရာဇ၀င်ကိုမြေလှန်ရဦးမယ်
နင်အပျော်ဖတ်ဇာတ်လမ်းထဲက
မင်းသားလေးလို
ငါ့ကို ဖတ်ပါ ။

ငါနင့်ကိုချစ်တယ်..နင်ယုံလား လို့ကျွန်တော်မေးတိုင်း ယုံဝူး ဟုတ်လဲဟုတ်ပဲနဲ့ ဟုပြန်ဖြေတတ်သော
သူမကိုယ်ပိုင်ဟန်လေးကို ကျွန်တော်အလွတ်ကျက်ထားစရာမလိုပဲ မှတ်မိနေပေသည်။
သူမရဲ့အမူအရာ လေးများကို ဘာသာပြန်ဖို့ကျွန်တော်ကြိုးစားရဦးမှာသေချာပေသည်။သူမအကြောင်း သည်ကျွန်တော့်အတွက် ကဗျာတစ်ပုဒ်ဖြစ်ပြီး ကျွန်တော့်အကြောင်းသည်သူမအတွက်ပုံပြင်မဆန် သော ပုံပြင်တစ်ပုဒ်ဖြစ်ကောင်းဖြစ်နိုင်ပေသည် ။အခုချိန်အထိ ကိုယ်ယောင်ပြချင် သလိုပြသခွင့် မရသောသရဲတစ်ကောင်လိုကျွန်တော်ချစ်ခြင်းတွေ ဝေတုန်းဝါးတုန်း။ သူမနှင့် ကျွန်တော်ရဲ့ အဖြူရောင်စမ်းချောင်းလေးကတော့ စီးဆင်းလို့ကောင်းတုန်း ။


ငပေါမလေးရေ
တဒင်္ဂနှုတ်ဆက်ခွင့်ပြုပါ
အခုချိန်ဆို
နင်ငိုနေမလား
ဘုရားသခင်ပေးတဲ့ဆုဟာ နင် ဖြစ်ပါစေ ။


အမည်မဲ့

ရှင် /သူ / ကျမ / ( ဖြိုချခဲ့တဲ့ သက္ကရာဇ်များ) ( ဇက်ကကြိုး )





မျက်ဝန်းတစ်ခုလုံးကို အမဲရောင် ပိန်းနေအောင်ဆိုးထားပေမယ့်
ရှင်တို့ ကျမဆီက ဘာလိုချင်တယ်  ကျမဆီကရှင်တို့ ဘာလိုတယ်  ကျမကောင်းကောင်းမြင်ရတယ်

စီးကရက် /ဆေးပေါ့လိပ် /အငှားယဉ် /ကိုယ်ပိုင်ကား /ဆိုက္ကား
အုံနာခ /မယားငယ်ခ /သွပ်မိုး / အုတ်မိုး / နှင်းစက်တွေ /မိုးစက်တွေ
ဒါနောက်ဆုံးအကြိမ်ပဲလို့ ကိုးခါမြောက် ဆုံးဖြတ်ပြီး ခေါင်းပုံဖြတ်တက်တဲ့
လင်ကောင်တစ်ကောင်ရဲ့ ရာဂတွေကြား
မြွေမကြောက် ကင်းမကြောက် ထီးမပါပဲ ကျမလျှောက်တက်နေပြီ


အရင် အဓမ္မအကျင့်ခံရတယ် ဆိုတာ အခုကျမအတွက်တော့
အရေပြားတစ်ထောက်စာ ဒဏ်ရာကလေးပေါ့ ရှင်ရယ်

“ သြော်.. ...လောကမှာ ပိုက်ဆံမရှိရင် မြို့ တက် ဘုရားဖူးဖို့ တောင် မလွယ်ပါလား  ”
ပိုက်ဆံမရှိရင် ဘုရားတောင်မဖူးရဘူးတဲ့ ကျောင်းအစ်မရယ်...။

ကဲ..ရှင်သာဆင်များများရအောင်ကြုံးသွင်းတက်တဲ့ ပညာရှင်တစ်ယောက်ဆိုရင်
ကျမစပါးလုံးတစ်ထောက်စာအနှံ့  ရှင့်ခြေ ရှင့်လက် ကြိုက်သလောက် နန့် လို့ ရတယ်

ကျတော်က ပြည်သူတွေရဲ့ ဒုက္ခကို လျော့နည်းသွားအောင် စကားလုံးတွေနဲ့ လိုက်စားပေးတဲ့ကဗျာသမားပါတဲ့
အပြောချိုချို ကိုလူပျိုရေ
အသွပ်လပ်ဆုံးလက် အတောက်ပဆုံးမျက်လုံး
ဒီလိုပုံစံနဲ့  ကျမကို ဖရီးဝင်လုံးမလို့ လား

အီဖန်ဖဲဝဲသားရဲ့  ဒြပ်မဲ့ပန်းချီကားတွေထဲမှာ ပါနေကျ ကျမဟာ စတက်လိုက် ဒန်ဆာ မျဉ်းတစ်ကြောင်းပါ
အိမ်ခေါင်မိုးက ပြိုကျတော့မှာလား
ဒီရေတွေက လပေါ်ပဲကျော်တော့မလို
ကျောက်စရစ်ရိုင်းတွေက လှိုင်းထန်နေသလား
ကမ္ဘာ့အနောက်ခြမ်းကို ဘယ်သူ့ မျက်နှာမှမထောက်ပဲ ကျမသိမ်းတော့မယ်

ရှင်တို့ မသိသေးတဲ့ ၀ါကထုံးဖွဲ့ မှု့ အသစ်က ကျမဘော်လီက ဇစ်လေ
ဒိုင်သြဂျီးနိရပ်စ်ရှာနေတာ မနေ့ ကတွေ့ ခဲ့တဲ့ကျမကိုပေါ့
သုရှင်နဖူးကို ခွဲခဲ့တဲ့ ချွန်းသီးက ကျမဆီကို ဂေါ်လီ အဖြစ်နဲ့ ပြန်လာတယ်

ဘယ်လိုရေစက်မှန်း မသိဘူးနော်
ရှင်တို့ ဆီမှာလည်း အပြင်းထန်ဆုံးရာဂတွေနဲ့ 
ကျမဆီမှာလည်း အကြီးမားဆုံး တင်သားတွေနဲ့ 

တစ်ယောက်လာ တစ်ခါတော်ကောက် ကျမသာ ထန်းလျက်ခဲဆို အစပါပျောက်သွားမလားဘဲ
ဒွါရကိုးပေါက်လုံး အသုံးချနည်းသာ ကျမသိရင် ရှင်တို့ လည်း လေးဘက်ထောက်သွားရတဲ့အဆင့် ရောက်သွားမလားဘဲ

ကျမမှာ ခြေထောက်နဲ့ ဘယ်လောက်ဆောင့်နင်းနင်း မပေါက်အောင်
ဆံပင်ထဲကကောင်းကင်နဲ့  ကောင်းကင်ပေါ်က မြေကြီးကိုယူခင်းထားတဲ့
လင်းထက်အောင်ရဲ့  လမ်းတစ်လမ်းရှိတယ်

ကျမမှာ ပန်းပွင့်ပေါ်က ဘီလူးက ဘီလူးပေါ်က ပန်းပွင့်ဆီ ပစ်ချပေးလိုက်တဲ့
ရင်ခွင်ရှိန်းရဲ့  ဒက္ခိန ညများရှိတယ်

ကျမမှာ နဂါးငွေ့ တန်းထဲ ၀င်နေတဲ့ လကို  လထဲကနဂါးငွေ့ တန်းဆီ ခိုးသွားတဲ့
တာယာရဲ့  ဘို့ မပါတဲ့ နွားလားဥဿဖ တစ်ကောင်ရှိတယ်

ကျမမှာ အဖန်ငါးရာ ငါးကမ္ဘာကို ခတ်ထားတဲ့ အန်နာရဲ့  သော့ခလောက်အပျက်တစ်လုံးရှိတယ်

ကျမမှာ အတံတားပ်ါက အမြင့်မှာ မြင်တွေ့ နေရတဲ့ အလင်းသစ်ရဲ့  ငုံ့ ကြည့်ရတဲ့  ဂငယ်ကွေ့ လည်းရှိတယ်

ကျမမှာ ၀တ်ရည်ကိုမှစုတ်တဲ့ ခြေဖနောင့် အပုတ်ကြီးနဲ့ 
ဘုရားပါမုန်းတဲ့ ဇက်ကကြိုးနဲ့  လက်အစုတ်ကြီးလည်းရှိတယ်

ဆူးလမ်းကိုတော့ ပြန်မလွမ်းချင်ဘူး
ဒါပေမယ့် ကျမ တစ်လှမ်းချင်းလာနေပြီ...............ရှင်တို့ ဆီ

ဘယ်သွားမလဲလာ...တစ်ခါစား  4500....။

                                                                                                        

   ဇက်ကကြိုး

ထန်းခြောက်ပင် ( မောင်မိုးမြင့် )

ကတ္တရာလမ်း ခပ်မဲမဲတွေ ဆုံတာပါပဲ

ထသွား ထလာ ယဉ်ကျေးမှု့နဲ့ လူငယ်တွေ

ဖွဲနဲ့ပက်သလို တဖွဲဖွဲ ၀ဲ ကျလာတယ်

ဆောင်းဝင်စရက်တွေမှာ နှင်းကိုစတင်တွေ့ရှိသူဟာ

ဓားနဲ့ခြစ်ထားတဲ့ အမှန်တရားကို လက်ဆောင်ရခဲ့မယ် ။

တကယ် ပျော်နေခဲ့တာ အမှန်လား

အမှန်က တကယ် ပျော်ကျသွားတာလား ။

လူငယ်တစ်ယောက်ရဲ့ ရင်ခုန်သံဟာ

အရောင်တောက်ပြီး အရမ်းထိခိုက်လွယ်နေခဲ့တယ် ။

ဘေးလွယ်အိပ်ကလေးထဲမှာ သူ့ဓာတ်ပုံလေး

ထွန်းရွှေရောင်နဲ့ ဗံဒါပင်ဟာတွဲပြီး ညနေက သန့်စင်လွန်းအားကြီးတယ် ။

အမှတ် ( ၅၇ ) ဗိုက်ပူ သစ်သားဘက်စ်ကားအိုကြီး တစ်စီး

အချစ်ကဘောလုံး အသင်းတွေကို မသိဝူး

အရပ် နည်းနည်း ပုတယ်

မုန်တိုင်းတစ်ဝက် ပန်းတစ်ဝက်နဲ့  "ဂျစ်ပစီ" လို့ ကျနော့်ကို ခေါ်တယ် ။

ငုံးဥပြုတ် ကျွေးပြီး ကောင်မလေး တစ်ယောက်ကို လက်ကိုင်ချင်တာဟာ

သွေးရိုး သားရိုး အမှား တစ်ခုဖြစ်ကြောင်း

ရန်ကုန်-မန္တလေး အမှတ်(၄) လမ်းမကြီးပေါ်မှာ မှတ်သားထားမိခဲ့

မိုးတွေ ရွာတယ်

နေတွေ ပူတယ်

နှင်းတွေ ကျတယ်


သဘာဝ အလှတရားတွေထဲမှာပါလာတဲ့ ဘေးထွက်ဆိုးကျိုးရဲ့ နာမည်

 "ညီမလေး"

လက်ရေး ၀ိုင်းဝိုင်းလေးတွေနဲ့ ပေးခဲ့တဲ့ လူတစ်ယောက်ရဲ့ တန်ဖိုးသတ်မှတ်ချက်

ခေတ်ပေါ် ဟစ်ဟော့သီချင်းစာသား တစ်ပိုင်းတစ်စ

ပဲခူးမြို့အလွန်မှာ ဖိနပ်မစီးတာ သေရာပါ နာကျင်မှု့ဖြစ်ခဲ့တယ် ။

ခဏ ခဏ လွမ်းရအောင်

ချစ်သူတွေ ခဏ ခဏ နမ်းကြတာလား

ယုန်မလေး

ပွတ်သပ်ကြည်စယ်တက်တဲ့ လက်ဗွေရာတွေ ပြန်ပေးပါ

လမ်းမကြီးကတော့ အရင်လို ခပ်မဲမဲပါပဲ

ကားတွေ ပိုများလာတယ်

၅၀ ပေးရင် ကြိုက်သလောက် စီးလို့မရတော့ဘူး

လမ်းထိပ်က ပိတောက်ပင်ကြီး တော်တော် အိုနေပြီ ။

ကမ္ဘာကြီးလည်း ပြားသွားပြီ

လမ်းတွေလည်း ကောင်းကောင်း မှတ်မိနေပြီ

ပြောင်းလဲခြင်းတွေ နောက်မှာ ကျန်နေသေးတာက

ဆံပင် အရှည်တွေရယ် ၊ ရေခဲမုန့် နှစ်ခွက်ရယ်

အရှက်သည်းသည်း အိမ်မက်တွေရယ်

ဆေးလိပ် မဖြတ်နှိုင်သေးတာရယ်

ဒီလောက်ပါပဲ

အဲ့ဒီ မှတ်တိုင်မှာ ကျနော် ဆင်းပါရစေ

ထ န်းေ ခြာ က် ပ င်   ။                         ။



- မောင်မိုးမြင့်

စန္ဒီ စိုးဝင်း၏ ညာဘက်ခြေထောက် ( မောင်မိုးမြင့် )

မေလရဲ့ ပထမအပတ်မှာ အကြည့်တစ်ချက်နဲ့
တစ်ကိုယ်စာမြေကြီးတွေ ပါးစပ်ဟသလို ပက်ကြားအက်ကုန်တယ်
မှောက်ဖဲ တစ်ချပ်ကို အေးအေးလူလူ လှန်ပြတော့
အပွင့်မပါပဲ မျက်ရည်စတွေ ထွက်ကျလာခဲ့
အဲ့ဒီနေ့ကစပြီး
ညာဘက်လက်နဲ့   ငါ့ကိုယ်ငါ သော့ခတ်ပစ်လိုက်တယ် ။            ။


မောင်မိုးမြင့်

အသက်ထွက်ရန် (၅) မိနစ်သာ လိုတော့သည် ( မောင်မိုးမြင့် )


တိမ်တွေ တိမ်တွေ ဝေနေလိုက်ပုံများ
ခြေချစရာတောင် နေရာလွတ်မရှိ
နားရွက်ဖျားမှာ ချိတ်ဆွဲထားတဲ့ ဆန္ဒ
လိုင်းကားတိုးစီးရတဲ့ ဒုက္ခ
အရောင်မတူတဲ့ အရေပြားပေါ်မှ
စိမ့်ထွက်လာတဲ့ ချွေးဟာ အနံ့တော့ မပြောင်းဘူး ။

အေးစက်သော မြို့ကလေး
ရန်ကုန်နဲ့ ဆောင်းယောင်ဆောင်သော ဆောင်း
မကြားဝံ့မနာသာ ပြောဆိုဆက်ဆံမှု့အောက်မှာ
အဝေးပြေးကားလက်မှတ်လေး တွန့်ကြေသွားခဲ့ ။

ငါမရူးဘူးဆိုတဲ့ အရူးများ
အဘိဓမ္မာအရ ရိုက်သွင်းခြင်းခံထားရသော
စိတ်
ပိတ်နေတယ်၊ တိတ်နေတယ်၊ အိပ်နေတယ်
နှိုင်ငံခြားကော်ဖီတစ်ခွက် အတွက်
စက်ရုံမှာ အလုပ် သုံးရက်ဆင်းပါ
မကြာ ခဏ ဘုရား ၀တ်ပြုပါ
စပါးပေါ်လျှင် ထီထိုးရမည်
ထီပေါက်ရင် ထော်လာဂျီ တစ်စီးနဲ့
လယ် ဧက နှစ်ဆယ်လောက် ၀ယ်မည် ။

သူဌေးဝါဒ သီချင်း
ကာရာ အိုကေ စက်
တစ်သက်လုံး မတ်တပ်ရပ်နေသည့် ဓာတ်တိုင်များ
အောက်ဆီဂျင်အား ၀၀ ရှူပါ
ရေနံဆီမီးခြစ်နှင့် နုယူကလိယား ဓာတ်ပေါင်းဖိုကြား
အိမ်မက်တို့ မက်ထားနှင့်ကြ ။

အရေပြားထဲမှ ဖောက်ထွက်လာသော
သွေးဆာနေသည့် အရိုင်းဝါကျ
ငါးထောင်ကျပ်တန် ငွေ စက္ကူ
တဆတ်ဆတ် တုန်ရီမေ့မော
ချစ်သူတွေပြောတဲ့ သစ္စာစကားဟာ
ရက် အပိုင်းအခြား ရှိတယ် ။

အရက်သည် အရက်အတိုင်းထားပါက
အနံ့ထွက်နေသော အရည်သာဖြစ်သည် ။

လှလွန်းသော အမျိုးသမီးကြောင့်
မိမိ ကိုယ်တိုင်
ကတ္တား ဖြစ်လိုက် ၊ ကံ ဖြစ်လိုက်
ခေါင်းကိုက်နေသော ဒီကိုဂျင် ဆေးပြား
အမေ့ဆီ မရောက်ခင်
ပဋိသန္ဓေ တားဆေးနဲ့ တွေ့လို့
ငိုနေတဲ့ ကလေးတွေရဲ့ အသံ
မှန်တစ်ချပ်ဟာ
အလင်းပြန်မှု့ သီဝရီလား ။

လှီးထုတ်ပစ်ချင်မိသော
စိတ်အပိုင်း အစများ အတွက်
သက်ငြိမ်မှု့   နှင့် ကိုယ်ခန္ဓာအချိုးကျကျ မိန်းမတစ်ယောက်
ဒါလောက်ပဲလိုမယ် ။

အမေ ၊ မိန်းမ ၊ သားလေး
အားလုံး ဘေးမှာထိုင်
နံရံတွေ ပွင့်ထွက်လာပြီ
ကိုယ့်ပါးစပ်ကို ကိုယ့်လက်နဲ့ ပိတ်ရတာ
သိပ်တော့လည်း မလွယ်လှပါဘူး ။

ဘွဲ့လက်မှတ်တွေ မီးရှို့ပေးပါ
လောင်မြိုက်ခြင်းဟာ အရသာ တစ်မျိုးပဲ
ကိုယ်ကတော့ ခရီးဆီရောက်နှင့်ပြီ
လမ်းတစ်လျှောက်လည်း ပျဉ်းမပန်းတို့ ဝေလို့ပေါ့  ။             ။
 
 
မောင်မိုးမြင့်

ငါတို့အစ်ကိုက အလင်းရောင်သွားဝယ်နေတုန်းပါ (လင်းထက်အောင်)




တစ်ခုခုကို သဘောတူလိုက်သင့်ပြီဆိုတဲ့အတွေးနဲ့

စားပွဲဝိုင်းကထိုင်ခုံမှာ ဖြစ်သလိုဝင်ထိုင်လိုက်ပုံရတယ်

ငါတို့ကတော့ မဆာသေးဘူး

သူမကိုမေးကြည့် ဆာပြီလားလို့

အမှန်ဆို စားပွဲဝိုင်းအလယ်မှာ ဖယောင်းတိုင်တစ်ချောင်းလောက် ရှိနေသင့်တာ

ထားပါတော့... ပြေးဝယ်ရင်တောင် မမီလောက်တော့ဘူး

ဒီအချိန်ဆို အလင်းရောင်ရောင်းတဲ့ဆိုင်တွေ ပိတ်သွားလောက်ပြီ

ဘဲဥချဉ်ရည်ဟင်းကိုစားဖို့ စောင့်နေတာပဲ

ဇွန်းနဲ့ခက်ရင်းမရှိလည်း ရလောက်ပါတယ်

သူမကညနေစာစစားဖို့ ထပြောပေမယ့်လည်း

လာရမယ့်တစ်ယောက် ရောက်လာတဲ့အထိစောင့်ရဦးမယ်

ဘဲဥချဉ်ရည်ဟင်းက တစ်ဖတ်ပိုနေတယ်လေ

ငရုတ်သီးစိမ်းနဲ့ ပဲလင်းမြွေသီးကိုသိဖို့

ဖယောင်းတိုင်မီး ဘယ်လောက်ထိလိုနိုင်မလဲ ?

ဆိုင်တွေပိတ်သွားပြီ

ရောက်လာရမယ့်တစ်ယောက်က ပြန်မလာသေးဘူး

အနေအထားက အံကိုက်ပေမယ့်

သွားနာနေတဲ့ထိုင်ခုံ လွတ်နေတုန်းပဲ

ပြောချင်တဲ့သဘောက ထိုင်ခုံဟာကြမ်းပြင်နဲ့ထိမိနေပြီး

သွားနာနေတဲ့တစ်ယောက် ရောက်မလာသေးတာပါ

ထားပါတော့... မလိုအပ်တာတွေ ခေါင်းထဲမထည့်နဲ့တော့

ဘဲဥချဉ်ရည်ဟင်းစားရဖို့က အဓိကပဲ

ငါတို့သူမကို ကြည့်တယ်

သူမဟာငါတို့ကို ပြန်မကြည့်ခင်မှာ

ဖယောင်းတိုင်မီးဟာ တံခါးပွင့်ပြီးငြိမ်းသွားတယ်

တံခါးဖွင့်လိုက်တဲ့အတွက် လေတွေတိုက်ပြီးငြိမ်းသွားတာပါ

သူမနားမလည်မှာစိုးလို့ ငါတို့ပြန်ပြီးရှင်းပြတာ

လူစုံပြီဆိုရင်တော့ ငရုတ်သီးစိမ်းရော ၊ ပဲလင်းမြွေသီးပါမပါတဲ့

ဘဲဥချဉ်ရည်ဟင်းကို ငါတို့စစားလို့ရပြီ




အဲ... နေဦး !

အလင်းရောင်သွားဝယ်နေတဲ့ကောင်

သွားနာနေလို့ ပြန်မလာတော့ဘူးတဲ့ ။          ။





လင်းထက်အောင်

Tuesday, February 16, 2016

ဘုရားသခင်ကို ငါ စောက်စကားမပြော။ ( လင်းမာအို )


။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လင်း မာအို


ဘုရားသခင်ဟာ ငါ့ကို ဖန်ဆင်းပြီးနောက်
၉ နှစ်လုံးလုံး ကလပ်သွားတယ်
ြေ ကွအံကစားတယ်
အရက်သောက်တယ်
၁၉၉၂ ခုနစ် ရောက်ခါမှ
သူ့ဘောင်းဘီအိတ်ထဲက
ငါ့နံရိုးကို မူးမူးနဲ့ စမ်းမိတယ်
သူ့မေ့လျော့မှုအတွက်
fuck !လို့ တစ်ချက်ရေရွတ်ပြီး
ငါ့အတွက် လူသားမိန်းမကို ဖန်ဆင်းတော့တယ်
ပြီး အဲဒီ မိန်းမကို ငါ့ဆီ သူ့တမာန်တော်ကို
ပို့ခိုင်းတယ်
ဗလုံးဗထွေးအသံနဲ့
လိပ်စာအမှားကြီးနဲ့
အဲ့ဒီတော့ ငါ့နံရိုးလေးပါတဲ့ ပါဆယ်ထုပ်ဟာ
ငါ့ နားရောက်မလာပဲ
ငါနဲ့ ၇၄၃ မိုင် ကွာတဲ့ မြို့ကို ရောက်သွားတယ်
အဲ့မှာ အခြားတစ်ကောင်က
သိပ်လှတဲ့ပါဆယ်ထုပ်မြင်တော့
သူ့နံရိုးထင်ပြီး ပါကင်ကို ဖွင့်တော့တာပဲ
ဒါပေမယ့် သူ့နံရိုးမဟုတ်တော့
သူလည်း သိပ်စိတ်မဝင်စား
သနားစရာကောင်းတဲ့ ငါ့နံရိုးလေးဟာ
အခန်းထောင့်မှာ နေ့များစွာ ငိုနေခဲ့ရတယ်
ခုတော့ ငါ့နံရိုးလေးနဲ့ငါနဲ့
နည်းပညာကြောင့် တွေ့ခဲ့ရပါပြီ
ခုတော့ ငါ့နံရိုးလေးကို
ငါ ထွေးပိုက်ခွင့်ရပါပြီ
ဒါပေမယ့်
ဘုရားသခင်ကို ငါ မကျေနပ်သေး။



လင်း မာအို

Tuesday, February 2, 2016

ငါ သွားကလစ် ဖြစ်သော ( ဇက်ကကြိုး )


-ဇက်ကကြိုး 

 


  • လူသားအသိဥာဏ် ကွဲပျက်လွင့်စင်ချိန်တွေတိုင်းမှာ အသည်းကွဲသမားဆန်ဆန်
    မျက်လုံးနဲ့မက်ခဲ့တဲ့ အိပ်မက်ဆိုးတွေထဲ ငါ့ကို ဘယ်သူလှုပ်နှိုးခဲ့လဲ။
    လမ်းထိပ်အမှိုက်ပုံကအရုပ် ခေါင်းပြုတ်နေတာကို မြင်သလို ဘယ်သူအရေးလုပ်ခဲ့လဲ။ ခေါင်းကိုက်ပျောက်ဆေးပြားလေးတွေ ကိုက်ခဲမှာ မဟုတ်ဘူးလို့ လူတွေက သေချာနေကြတယ်။

တကယ်ပါ တကယ်ပါ တပါးသူမလိုလို့ လေနဲ့လွင့်လာတာတွေပဲ ရင်ထဲပွင့်ခဲ့။
ငါ့မှာရာသီမရွေးသေဆုံးနေလေ့ရှိတဲ့ သစ်ပင်လေးရှိတယ်ကွယ်။
နတ်ဖန်ဆင်းတဲ့ ရှု့မျှော်ခင်းလေးကို မြင်ချင်ရင် အဲ့ အပင်လေးကို ကျော်ကြည့်ရတယ်။
အကြည့်ဟာ အဆိပ်ဖြစ်တယ်။
ဖြေဆေးအဖြစ် အပင်လေးမှာ တွဲလောင်းကျနေမယ့် ကျစ်ကြိုးကွင်းလေးကို မျက်လုံးထဲ ထည့်မြင် ကြည့်ပေးရတယ်။
သစ်ခေါင်းဝလေးထဲက အဆိပ်အော်သံတွေ ညဆို တစိမ့်စိမ့်ယိုစိမ့်ထွက်ခဲ့။
လမ်းတွေ ပလက်ဖောင်းတွေထဲ ငါ့နဲ့ အဆိပ်တေးသွားလေးနဲ့ တလွင့်လွင့်
နံရံကကွာကျလာတဲ့ အင်္ဂတေအမှုန်လေးများလို ၊ ဓားသွားနဲ့မှုတ်လိုက်တဲ့ Birthday Cake ပေါ်က မီးတောက်လေးလို ဘယ်တော့မှ ပြန်ညှိခွင့်မရတော့ပဲ ကိုယ်ဟာ တည်နေရာက လွင့်ထွက်သွားတော့မယ်ပေါ့။
မလွင့်ခင် သွားရပ်မိတဲ့ တံခါးတွေဟာ မျက်စိရှေ့မှာပဲ တဒိုင်းဒိုင်းဆောင့်ပိတ်သွားကြတယ်ပေါ့
တံခါးကို တအားခေါက်ရင်တောင် အသံကအထဲကိုမရောက်ပဲ ခေါက်တဲ့သူဆီကို အားနဲ့ပြန်ခုန်ဝင်သွားလောက်တဲ့အထိကို အပိတ်သဘောဆန်တာမျိုးပေါ့ကွယ်။

ယုံကြည်ချက်လေး လူတွေကြား ဒူးထောက်ကျသွားလား။
စိတ်ဟာ အရင်ကထက် ပူနွေးတောက်လောင်လာတယ်။နောက်ပြီးကျဉ်းမြောင်းလာတယ်။
လေနဲ့လွင့်ပြီး စက္ကူပန်းလေးပေါ်မှာ သွားနားနေတဲ့အထိ ပေါ့ပျက်လာတယ်။ ပျော်စရာတွေချည်းရွေးမက်သွားတာပါပဲ။ဒါပေမယ့် ပြန်မရတော့မယ့် ပိုင်ဆိုင်ခဲ့ဖူးသောအရာတွေမလို့ အိပ်မက်ဆိုးဖြစ်သွားရတယ်။
ပလက်စတစ်လှေလေးပေါ်ကနေ အချစ်မရှိရင်မဖြစ်ဆိုတဲ့မှားယွင်းစိတ်လေးခေါ်တင်မိလို့ ကိုယ်နစ်မြုတ်သွားတယ်။

ညတွေဟာ မှောင်မဲတိတ်ဆိတ် မနေချိန်တွေမှာ မီးလောင်ပေါက်ကွဲနေတယ်။
အဲ့စိတ်ကူးကျဉ်းကျဉ်းလေးထဲ ဝေလငါးတွေ မီးကွင်းထဲခုန်ဝင်ကြ ၊ ဆိပ်ကွယ်ရာရောက်လာတဲ့ သန့်စင်ခြင်းလက်တွေ
Bra ထဲလျှိုဝင်ကြ။နူတ်ခမ်းချင်းကပ်ပြီး အယုတ်အညံ့တွေ မှုတ်ထည့်လိုက်ကြ။

ရယ်ရတယ်မြင်နေရတဲ့ မျက်နှာကြပ်မှာ အပျော်အရွှင် အနာအကျင်တွေ မမြင်ချင်ဘူး။
မျက်လုံးကို မြန်မြန်ပိတ်ပါ။
တချို့လတွေသာဖို့ ညဟာရှာမရ ရှားလွန်းတယ်။။မြန်မြန်ပိတ်ပါ။
မျှော်လင့်ခြင်းတွေသေဆုံးကုန်ရင် ဘယ်လိုလုပ်မလဲအတွေးတွေ မီးနဲ့ဖွာထားတယ်။။မြန်မြန်ပိတ်ပါ။
လုပ်ပါ။ငါ့စိတ်ကို မြန်မြန်လေး မီးခလုပ်ပိတ်လိုက်ပါ။

  • လွန်လေပြီးသောဆိုတဲ့နာမည်တခုဟာ မပြီးဆုံးနိုင်သော မရပ်တန့်နိုင်သော အနန္တစက္ကန့်လေးတွေဖြစ်တယ်။လူတယောက် ခြောက်လွှာက ကွာကျလာဖို့ ငါက ကမ္ဘာကိုတောင် ကိုင်လှုပ်ဖူးတယ်။
    ခြေဦးမလှည့်ဖြစ်တဲ့ ခြေသံတွေကို မမြင်တာ သဘာဝကျပါတယ်။
    ဒါပေမယ့် မုန်တိုင်းဟာ တယောက်တည်းကို ဦးစားပေးတိုက်တယ်။
    အံသွားက ငါနေတဲ့ဘက်ကို တအားဖိဝါးတယ်။
    ဆေးဖက်ဝင်နူတ်ခမ်းတွေကတော့ တခြားလူနမ်းသွားတဲ့ခနမှာပဲ ရက်လွန်သွားမှာပေါ့။
    မတီးလို့မမြည်တဲ့ အမှန်အမှားတွေ ၊သွားတိုင်းမရောက်နိုင်တဲ့ မိုင်တိုင်တွေကို ရေးမှတ်ထားတဲ့ နုတ်ကလေးထဲ တကယ်တော့ကွယ် ချစ်မေတ္တာဟာ ငါးဆယ်တန်အရုပ်စတစ်ကာလေးပဲ ဖြစ်တယ်။
    ခွာချလိုက်လို့အသားမှာ ကပ်ကျန်နေခဲ့တဲ့ အရုပ်လေးဟာလည်း လူတကာကာပြောပြောနေတဲ့ ဒဏ်ရာလေးလဲ ဖြစ်ပါတယ်။




-ဇက်ကကြိုး

ငါဟာ တစ်ခုခုဖြစ်ခဲ့တယ် ( ညီမိုးဆွေ )



ညီမိုးဆွေ


ငါဟာ ဗုံးတစ်လုံးဖြစ်တယ်
ဘာကြောင့်မှန်း မသိဘဲ သူတို့က ငါ့ကို အဲဒီလိုပြောကြပြီး
အဲဒီနောက်မှာ ငါဟာ ဗုံးတစ်လုံးဖြစ်လာတာပဲ
ငါ ငှက်တွေကို ချစ်ပြီး
တီကောင်တွေက ငါ့ကိုချစ်တယ်
ငါ မြတ်နိုးတာကတော့ ယုန်ဖြူလေးပေါ့
ငါဟာ ဗုံးတစ်လုံးဖြစ်လို့
ငါ ယုန်ဖြူလေးကို ကြောက်တယ်
ငါ ပေါက်ကွဲသွားလိမ့်မယ်
ဒါနဲ့ပဲ ငါဟာ ငါ့ကိုချစ်တဲ့ တီကောင်တွေ
ငါ ချစ်တဲ့ ငှက်တွေနဲ့
ငါ မြတ်နိုးတဲ့ ယုန်ဖြူလေးနဲ့လွတ်ရာ
ဘုရားကြားထဲမှာ ပုန်းနေခဲ့တယ်
ဒါဟာ ဇာတ်လမ်းရဲ့ပထမပိုင်းဖြစ်ပြီး
ဇာတ်လမ်းရဲ့ပထမပိုင်းဟာ ဖြစ်ခဲ့ပြီးပြီဖြစ်တယ်
အမည်မဖော်လိုတဲ့တစ်နေ့တော့ ငါဟာ ပေါက်ကွဲခဲ့ပြီး
ဘုရားဟာ ဘုရားဖြစ်ခဲ့ဖူးတဲ့ အုတ်ပုံဖြစ်သွားခဲ့တယ်
သူတို့တွေက တစ်ခြားတစ်ယောက်ယောက် ဘုရားမှာ ဗုံးခွဲခဲ့တဲ့အကြောင်း ဒေါသတကြီးပြောကြတယ်
ဗုဒ္ဓဟာ ပြတ်နေတဲ့ ခေါင်းဆီကနေ ငါ့ကို တည်ကြည်စွာ ပြုံးနေတယ်
ငါကတော့ ပေါက်ကွဲသွားပြီပြီဖြစ်လို့
အန္တရာယ်ကင်းကင်းနဲ့ ယုန်ဖြူလေးဆီပြန်လာခဲ့တယ်
ဒါဟာ ဇာတ်လမ်းရဲ့ ပျော်စရာအကောင်းဆုံးအပိုင်းဖြစ်ပြီး
ပျော်စရာအကောင်းဆုံးအပိုင်းဟာ ငါ့မှတ်ဥာဏ်ကို နာကျင်စေတဲ့အပိုင်းဖြစ်တယ်
ဒါပေမဲ့ သူတို့ဟာ ငါ့ကို ပြန်ပြီးတပ်ဆင်လိုက်ကြတယ်
ဘယ်လိုနည်းနဲ့လဲဆိုတာ ငါမသိသလို
ငါ ပြန်ပြီး တပ်ဆင်ခံလိုက်ရတာကိုလဲ သူတို့မသိဘူး
ငါဟာ ကြောက်လန့်သွားတယ်
ငါဟာ အမည်မသိတဲ့အကြောင်းအရင်းကြောင့် ပိုကြီးလာတယ်
ငါဟာ ပိုပြီး အန္တရာယ်များလာတယ်
ဒါနဲ့ ငါ ထွက်ပြေးပြန်ရတော့တယ်
ငါ လူတွေ ကြားထဲမှာ ကိုယ်ယောင်ဖျောက်တယ်
ယုန်ဖြူလေးရဲ့ မျက်လုံးတွေဆီက ခေါ်သံကို
ငါ့ မျက်ရည်တွေက ခံတိုက်ခဲ့တယ်
နာကျင်မှုဟာ တဆတ်ဆတ် ခါနေတဲ့ သစ်ရွက်၊ သစ်ကိုင်းတွေကို တောင့်ခံထားရတဲ့ သစ်ပင်ဖြစ်တယ်
ငါ အန္တရာယ်များတယ် ငါ ကြောက်တယ်
ငါ ပုန်းတယ် ငါ ပိုကြီးလာတယ်
တစ်နေ့တော့ သူတို့ ဖြစ်စေချင်တဲ့ တစ်နေ့တော့
ငါဟာ ပေါက်ကွဲသွားတယ်
သူတို့ သေစေချင်တဲ့ သူတွေရော မသေစေချင်တဲ့သူတွေပါ သေတယ်
သေခြင်းက ပေါက္ခရ၀ဿမိုးမဟုတ်ဘူး
အသက်ရှင်နေခြင်းက ငါတို့ ဖန်တီးထားတဲ့တိမ်တိုက်အတုတွေ
ငါ ဘယ်သူ့ကိုမှ မသေစေချင်ခဲ့ဘူး
ဒါပေမဲ့ အားလုံး ငါ့ကြောင့်သေတယ်
ဒါဟာ ဇာတ်လမ်းတစ်ခုလုံးဖြစ်တယ်
ဇာတ်လမ်းတစ်ခုလုံးဟာ သူတို့အတွက်အဖြေဖြစ်တယ်
ငါ တဆတ်ဆတ်ခါနေတာကို တောင့်ခံထားတယ်
သူတို့တွေဟာ ဒေါသဖြစ်ဖို့ သတိမရခင်မှာ ပူဆွေးမှုကို ဘုရားလို ကိုးကွယ်ကြတယ်
ပြီးတော့မှ ဒေါသဟာ တစ်ဆူပွင့်တယ်
ငါ အလောင်းကောင်တွေထဲမှာ မတ်တပ်ရပ်နေတယ်
လေဟာ ငါ့အသက်ရူခြင်းကို အနံ့ခံနေတယ်
ခြေသံစကြားရတယ် သဲ့ သဲ့
ငါ့ မျက်လုံးကို မှိတ်ထားလိုက်တယ်
မသိရခြင်းဟာ အနာကျင်ရဆုံးပဲ
ငါ လက်ညိုးတွေအများကြီးထဲကို မှောက်လျက်လဲခဲ့တယ်
သဲ့ သဲ့ ဟာ ပီသ လာပြီး
ပီသဟာ ကျယ်လောင်လာပြီး
ကျယ်လောင်ဟာ အနားမှာရပ်သွားတယ်
ငါမျက်လုံးဖွင့်တော့
ဖြူ
ဖြူ ဖြူ
ယုန်ဖြူလေးရယ်
မင်းက ဒီမှာကိုး မစ္စတာပန်းပွင့်လေးရဲ့တဲ့
သူက ငါ့ကို ပြောခဲ့တယ်
ဒါဟာ ဇာတ်လမ်းမှာ မပါဝင်ခဲ့တဲ့အပိုင်းဖြစ်တယ်
ဇာတ်လမ်းမှာမပါဝင်ခဲ့တဲ့အပိုင်းဟာ သဲ့ သဲ့ နောက်ပိုင်းမှာ ပြတ်တောက်သွားတယ်
ပြတ်တောက်သွားတဲ့အပိုင်းဟာ ဇာတ်လမ်းပြီးဆုံးခါနီးမှာမှ Play-back ပြန်လည်ရောက်ရှိလာလိမ့်မယ်
အကြောင်းကတော့ ဒါဟာ ဇာတ်လမ်းဖြစ်လို့ပဲ
ဇာတ်လမ်းဟာ ၀မ်းနည်းစရာကောင်းတယ်
ငါ ယုန်ဖြူလေးကို ထွက်ပြေးဖို့ ပြောခဲ့တယ်
သဲ့ သဲ့ မဟုတ်တဲ့ ခြေသံတွေဟာ ငါ့ဆီကို အပြင်းလာနေပြီး
အဲဒီ ခြေသံတွေရဲ့အဓိပ္ပါယ်ဟာ ဘာဖြစ်မလဲဆိုတာကိုလည်း ငါသဘောပေါက်ခဲ့တယ်
ငါ ယုန်ဖြူလေးကို ဒိုင်ယာလော့ခ်တွေ အများကြီးပြောခဲ့တယ်
ယုန်ဖြူလေးဟာ အငြင်းစကားလုံးကိုပဲ အထပ်ထပ်ပြန်ဆိုတယ်
ငါ့ရဲ့ဝမ်းနည်းမှုဟာ ငါ့ဆီကနေ ထွက်သွားပြီး
ဟိုးအဝေးကို ပြေးထွက်သွားပြီး
မြက်ခင်းရိုင်းတွေထဲမှာ လက်ဖြန့်လို့လျှောက်ပြေးနေပြီး
စမ်းချောင်းတွေထဲကို ခဏခဏခုန်ချနေပြီး
သစ်ပင်တွေကြားက နေရောင်ကို ချောင်းကြည့်နေပြီး
အပျင်းထူနေတဲ့ သစ်ရွက်တွေအပေါ်မှာ လှဲအိပ်နေပြီး
စာအုပ်ထဲက ပင်ဂွင်းတွေအကြောင်း ကလေးတွေကို ဖတ်ပြနေပြီး
ငါ့ရဲ့ဝမ်းနည်းမှုဟာ ငါ့ဆီကို ပျော်ပျော်ကြီးပြန်လာခဲ့တယ်
ငါ ဘယ်လိုဒိုင်ယာလော့ခ်တွေ ဆက်ပြောခဲ့သလဲ
ဂွတ်ဘိုင် မစ္စတာပန်းပွင့်လေးလို့
ယုန်ဖြူလေးရဲ့နောက်ကျောလေးက ပြောသွားတယ်
ယုန်ဖြူလေးရဲ့ နှုတ်ဆက်စကားကတော့ င့ါကို ကျောခိုင်းသွားခဲ့ပြီ
လေဟာ အသက်ရှုခြင်းကို ဆက်မရှာတော့ဘဲ လက်ဖျောက်တီးလို့ ပြန်ထွက်သွားခဲ့တယ်
ဇာတ်လမ်းရဲ့ အချုပ်ဟာ အခုမှ ရောက်လာခဲ့တယ်
ကြိုးကွင်းထဲကနေ နေမင်းကို အနီးကပ်ဖြတ်ရိုက်ပြလိုက်တယ်
ငါ ရပ်နေတဲ့ ကြမ်းခင်းကို ငါ မကြည့်ဖြစ်အောင်နေတယ်
ငါဟာ ဗုံးတစ်လုံးဖြစ်တယ်လို့ သူတို့က အော်ဟစ်တယ်
သူတို့ အော်ဟစ်နေတဲ့အသံတွေ ကြားထဲက
မင်းဟာ ဗုံးတစ်လုံး မဟုတ်ဘူး မစ္စတာပန်းပွင့်လေးဆိုတဲ့အသံလေးထွက်လာတယ်
ဟုတ်တာပေါ့
ဒီအချိန်မှာ အားလုံးကို ဆိုင်းလန့်လုပ်ထားလိုက်တယ်
အဲဒီအသံလေးက ငါ့ကို တစ်ခုခုပြောချင်နေတယ်
ငါ့ရဲ့ ၀မ်းနည်းမှုဟာ အဲဒီအသံလေးကို ဘာပြန်ပြောရမလဲ
အပြစ်ရှိတယ်ဆိုတဲ့အသံတွေက ရုတ်ချည်းပြန်ပေါ်လာတယ်
ဇာတ်လမ်းဟာ ဆုံးပြီ
သူတို့က နောက်ဆုံးစကား ဘာပြောချင်သလဲလို့မေးတယ်
ငါဟာ ဗုံးတစ်လုံးအဖြစ် ကွပ်မျက်ခံရတဲ့ ပန်းပွင့်တစ်ပွင့်ဖြစ်တယ်လို့ ငါပြောလိုက်တယ်
သူတို့ဟာ ငါ့စကားကို နားမထောင်ကြပါဘူး
ငါ့ စကားတစ်ဝက်မှာပဲ ကြမ်းပြင်ဟာ ပြုတ်ကျသွားတယ်
ငှက်တွေဟာ ထပြန်သွားတယ်
သူတို့တွေဟာ ထအော်ကြတယ်
ငါ့စကားကို ငါ့ဝမ်းနည်းမှုက ဆုံးအောင်ဆက်ပြောပြီး သယ်ဆောင်သွားတယ်
ပြီးပါပြီဆိုတဲ့စာတမ်းအပြီးမှာ
ထိုးတက်လာတဲ့ ဇာတ်ကောင်တွေထဲ ငါဟာ ပါမလာခဲ့ဘူး
ငါ့ဝမ်းနည်းမှုကတော့ ဇာတ်မြှုပ်ပျောက်ကွယ်သွားခဲ့တယ်
ငါ့အသက်ရှုခြင်းကို ရှာဖွေခဲ့တဲ့လေက ငါ့ဝမ်းနည်းမှုကို နှစ်ပေါင်းများစွာအကြာမှာ ပြန်တွေ့ခဲ့တယ်
ငါ့ဝမ်းနည်းမှုဟာ သူ့ဘာသာဝမ်းနည်းလို့နေခဲ့တယ်
ငါ့ ၀မ်းနည်းမှုက စကားတစ်ခွန်းဆိုခဲ့တယ်
အဲဒီစကားဟာ ငါမသိခဲ့တဲ့အကြောင်းအရာတစ်ခုဖြစ်တယ်
လေဟာ အဲဒီစကားကို သယ်ဆောင်မသွားနိုင်ကြောင်း ငြင်းဆန်ပြီး
ငါ့ ၀မ်းနည်းမှုက ဘယ်သူမှ ဘာမှမတတ်နိုင်ဘူးလို့ ပြန်ပြောခဲ့တယ်
လေဟာ ငါ့ဝမ်းနည်းမှုဆီကနေ ထွက်ခွာလာတဲ့အခါ သူ့ဘာသာဝမ်းနည်းလာခဲ့တယ်
ဒါနဲ့ပဲ တောင်တွေကို တိုးမိတဲ့အခါ အဲဒီစကားကိုပြန်ပြောတယ်
ပင်လယ်ကို ဖြတ်မိတဲ့အခါ အဲဒီစကားကိုပြန်ပြောတယ်
တိမ်တိုက်ကိုတွန်းမိတဲ့အခါ အဲဒီစကားကိုပြန်ပြောတယ်
တောအုပ်ကို ကျော်မိတဲ့အခါ အဲဒီစကားကိုပြန်ပြောတယ်
''ယုန်ဖြူလေးဟာ ဗုံးတစ်လုံးဖြစ်သွားခဲ့ပြီ''တဲ့။



ညီမိုးဆွေ

ဆက်ပြီးမနေချင်တော့ ထပ်ပြီးမနေချင်တော့ ( ညီမိုးဆွေ )


ညီမိုးဆွေ





ငါ့အိပ်မက်တွေအပြောကျယ်သလောက်တောင် ငါ့စိတ်ကူးတွေကမကျယ်ပြောနိုင်တော့ဘူး
နယ်နိမိတ်အတိအကျပိုင်းခြားထားနှင့်သောစည်းရိုးများကြား
ငါဆိုတဲ့အတ္တနာမ်လေးစတင်၊ စတင်၊စတင်၊ စတင် ၊ စတင်
စတင်လိုက်တာနဲ့အတိအကျပိုင်းခြားထားခံရတယ်။ သတ်မှတ်ထား
ခံရတယ်။ ငါပြန်တောင်းဆိုတဲ့အခါ   ခါရမ်းပြနေတဲ့ ရွက်ဝါတွေ လေထဲမှာမလှမပ
ကြွေပါစေ။ထိခိုက်ရှနာမကင်းတဲ့ စိတ်အလျင်တစ်ပြေးစာလေးကိုပဲ အမိဖမ်းထားဖို့
ဒါမှမဟုတ်လွှတ်ပေးလိုက်ဖို့။ ဒါမှမဟုတ်ဖြေပေးလိုက်ဖို့နဲ့ချုပ်ထားဖို့ ဒါမှမဟုတ်   ဒါမှမဟုတ်  ပြီးတော့
အခြားသောဒါမှမဟုတ်များ။ အိပ်ကပ်ထဲကောက်ထည့်ထားဖြစ်တဲ့ စကားလုံးသက်သက်
နဲ့ လွတ်လမ်းမမြင်သောပင်လယ်များ သက်ပြင်းနဲ့ရောပြီးထွေးချလိုက်တဲ့အခါ စွတ်ခနဲ
စိုသွားတဲ့လေထု။ မိုးသားသက်သက်။ မသန့်ပြန့်သောနေရာထိုင်ခင်းများထဲမှာ
တစ်ထစ်ချပစ်ချထားခံရခြင်း။သင်္ကေတအသုံးများထဲက လျှော်တော်တော်ခံစားချက်တွေဟာ
အစ်နေတဲ့လည်ပင်းထဲက ထွက်ကျလာတဲ့အသံလို သနားစရာ
နားဝင်ဆိုးရွား။ဘယ်သူဘယ်ဝါအဖြစ်ပေးလိုက်တဲ့ လက်ဖ၀ါးခြေဖ၀ါးတွေနဲ့ ဘယ်သူဘယ်ဝါဖြစ်ကြောင်း
ပြန်သက်သေပြဖို့ရာနေ့တွေညတွေတစ်ဖြည်းဖြည်းကုန်သွားပြီး ဝေးသွားပြီး ကွာသွားပြီး။
လမ်းတွေပေါ်ပတ်ပြေးနေတဲ့ကားတစ်စီးလိုပါ။ဥပမာက ဒီလို
နှိုင်းပြ။နှိုင်းရ။ ငါ့မှာ ရွေးချယ်စရာမရှိ။ တံဆိပ်ကပ်ခံသက်သက်ငွေ့ရည်ဖွဲ့ခြင်း။
ငါ့နားထဲလာလာထိုးထည့်ထားတဲ့ မင်းတို့စကားတွေအရ ငါ့ဦးခေါင်းထဲ မင်းတို့သစ်ရွက်ဟောင်းတွေ
ကြွေကျ။ ပျက်ကျ။ပုပ်သိုးနေတယ်။ ငုံ့ကြည့်ကြပါ။
အနံ့ထည့်ထားတဲ့အပြုံးတွေနဲ့ ခေါင်းငုံ့ခံသင်ယူခြင်းက ငါ့ခေါင်းပေါ်တက်နင်းသွားတဲ့ခင်ဗျားတို့ဖိနပ်တွေကို
မမီမကမ်းလှမ်းနမ်းနေမိသေးတဲ့အဖြစ်။နှစ်ကာလပေါင်းများစွာ။ တစ်ရက်ပြီးတစ်ရက်။ ငါ့ကို
မျက်ရည်ကျခွင့်လေးတော့ပြုပါနော့။အပြင်းထန်ဆုံးတုံ့ပြန်မှုအဖြစ် သက်ပြင်းချခွင့်တွေပေးပါ။ မျက်စိတွေမှိတ်ထားခွင့်ပေးပါ။
ငါဟာ ငါဖြစ်ပါရစေလို့မပြောရဲတော့ပါ။ငါ့ပါးကို မင်းတို့ ခင်ဗျားတို့ဖြတ်ရိုက်ပါ။ ငါ့ပါးဟာငါ့ကို
သစ္စာဖောက်ခဲ့တာလည်း အကြိမ်ကြိမ်။ မဆင်မခြင် အလွယ်တကူအနမ်းခံတတ်သူနဲ့ ကျေနပ်တတ်သူ။မူးယစ်တတ်သူ
ရူးသွပ်စွာပြောတဲ့ငါ့စကားတွေဟာသူရူးတစ်ယောက်ရဲ့စကား။ မင်းတို့နားမှာ။ သူရူးတစ်ယောက်ရဲ့စကား
သူရူးတစ်ယောက်။ငါဟာ သူရူး။ တစ်ယောက်သော သူရူး။ ငါပြောတဲ့စကားတွေကလည်း ငါ့လိုပဲ ရူးနေကြတယ်
ဒီလို ရူးနေတဲ့နားပိုင်ရှင်တွေနဲ့စကားစမြည်များ။ ငါဟာ ရူးသွပ်ခြင်းတံဆိပ်ခတ်နှိပ်ခံ ရူးသွပ်သူ။
                                       အိုး  သိပ်သေချာပါတယ်။
                               ကျွန်တော်ဟာရူးသွပ်သူပါပဲခင်ဗျာ။
ငါရူးရူးမိုက်မိုက်ပြောနေမိတဲ့အကြောင်းအရာမှာမင်းတို့အရေးအသားတွေ၊ အဖြတ်အတောက်တွေနဲ့ ပုဒ်ဖြတ်ပုဒ်ရပ်
မှန်မမှန်။ငါဟာ ငါဖြစ်ကြောင်း ငါပြောပြနေတာတောင် ငါဟာ တစ်စုံတစ်ရာဖြစ်ကြောင်း သို့တည်းမဟုတ် အဲဒီ
တစ်စုံတရာများနဲ့သက်ဆိုင်ကြောင်း၊ပတ်သတ်နေကြောင်း ဆင်ခြေများ၊ ခင်ဗျားတို့ရဲ့နံပါတ်တပ်ထားတဲ့ သက်သေပြချက်များ၊
ခွဲခြားသတ်မှတ်ထားတဲ့အမျိုးအမည်မျိုးစိတ်များ၊ မျိုးကွဲများနဲ့ မျိုးရင်း။ ငါဟာ စပ်ကြားတစ်ကောင်ဟုတ်မဟုတ်
နားစွန်နားဖျား။ငါ့ကိုယ်ပိုင်မြေလွတ်မြေရိုင်းများကို ငါပိုင်တယ်ဆိုတဲ့ အတ္တအမှန်အပေါ် ဆေးမှန်မှန်သုတ်ပေးပါ။ထပ်ထပ်ပြီး
ပြန်လာသုတ်ပေးပါ။ငါ့မြေလွတ်မြေရိုင်းများက အညွန့်အတက်တွေကို မှန်မှန်ခူးချခြွေပေးပါ။ ခင်ဗျားတို့ရွက်ဟောင်းတွေကို
လာလာသွန်ချပါ။
ဒါဟာခင်ဗျားတို့ရဲ့အရောင်အ၀ါတွေကြောင့် ငါ့တစ်သီးတစ်သန့်ဖြစ်လိုခြင်းတွေ စိုက်ပျိုးမဖြစ်ထွန်းတဲ့ငါ့ကမ္ဘာ။



ညီမိုးဆွေ

ထောင်ချောက်ထဲမှာ သေပြေးရှင်ပြေး ( ဆစ်ခ် )

  

- ဆစ်ခ် -




ကာမအားတိုးဆေးထဲမှာ ခံစားမှုဟာ ပါမလာဘူး
ဘုရားရဲ့လက်ထဲ သူကြွယ်တွေ ကြိုးကွင်းစွပ်သတ်သေသွားတာမြင်ရ
အဆင်မပြေဘူး၊ ရေသန့်ဗူးဟာ ညစ်ပတ်နေတယ်
ဂစ်တာကို ထုတ်ချင်းပေါက်တီးခတ်နေတဲ့လူငယ်ရဲ့ အံသွားအခေါင်းပေါက်ထဲက
အလွန်လှပနေသော မီးငြိမ်းတောင်တစ်လုံး အံ့အားသင့်ဖွယ် အဆင့်ဆင့် ပေါက်ကွဲထွက်နေသလို
အိပ်နေရင်း ကိုယ့်ဖိနပ်ကြိုးကိုယ် ပြန်တက်နင်းမိတယ်
ကမ္ဘာကို ဂြိုလ်သားတွေ အလည်အပတ် ရောက်မလာကတည်းက တခုခုဟာ သေသေချာချာ လွဲမှား
အဲဒီကဒ်မှာ ယောက်ျားသားချင်း နှုတ်ခမ်းချင်းထိစပ် ဆွဲနမ်းမိခဲ့ကြပေါ့
ဘာဘာညာညာ အသံတွေ မကြားချင်လို့ ကိုယ့်ကိုယ့်ကိုယ်ပြန်သတ်သေလိုက်တော့မှပဲ
သတင်းဟာ တဟုန်ထိုး နာမည်ကြီးသွားတော့တယ်
ဒါနဲ့ ရယ်ရတယ်လို့ ပြောပြောပြီး
သူ နေ့စဉ်ရက်ဆက် အိမ်ရှေ့ထွက်ထွက်ငိုတော့တာပဲ
ဒါပေမယ့် သံဃာတော်တွေကတော့ ဆွမ်းခံကြွကြတဲ့အခါမှာ
မျက်လွှာချထားကြလို့ ဘယ်အကုသိုလ်ကိုမှ မြင်မသွားရှာကြဘူး ။



- ဆစ်ခ် -

စက္ကူပန်းများနဲ့ ကမ္ဘာ (၂) ( နွေစကူး )

(နွေစကူး)




အိပ်မက်က လန့်နိုးတဲ့အချိန်မှာ ငါ့ရဲ့ကိုယ်ပိုင် နှစ်(၂၀) လောက်ဟာ သေနေပြီ
ငါ့နားစည်ဝမှာ ခြေရာတွေ အထပ်လိုက်နဲ့ အသံတုတွေ မွေးနေတယ် ငါဟာ အိပ်မက်ထဲမှာ ဇာတ်လမ်းတစ်ခုရဲ့ နောက်ခံတေးသွားဖြစ်နေပုံရတယ်။ (ဒီလိုနဲ့)
နှစ် (၂၀) လောက်ကြာတော့ ညီမလေးမြတ်နိုးကို ပြန်တွေ့တယ်။ တံခါးပိတ်ထားတဲ့ မြို့ထဲမှာ။ သူမ ဆံပင်တွေပေါ်မှာ တိမ်စလို အဖြူရောင်စက္ကူပန်းတွေ အဆုပ်လိုက် အထွေးလိုက်နဲ့။ ချစ်စရာကောင်းနေတုန်းပဲ။ အဲ့ဒီအချိန်မှာ ၂၀၁၅ ခုနှစ်ဟာ အသက် ၅၀ နီးပါးလူတစ်ယောက် ဖြစ်နေပြီး မုတ်ဆိတ်ကျင်စွယ်တွေ အညိုရောင်အရေပြားအတွန့်အကွေးတွေနဲ့။ အသံတွေကို ကြားဖို့ စိတ်ကို ဟောင်းလောင်းပေါက်ထိုးဖွင့်နေပုံရတယ်။ စက္ကူမြင်းရုပ်ရဲ့ ခွာသံတွေ တဟုန်းဟုန်းထလောင်သလိုအဖြစ်မျိုးနဲ့ ညီမလေးမြတ်နိုးဆီကို ၂၀၁၅ ခုနှစ်ဟာ ပြန်ဝင်လာတယ်။ ညီမလေးကို သိပ်ချစ်တာပဲ လို့ မပြောဖြစ်ခဲ့မျှကို ပြန်ပြောနေတယ်။ ပြီးတော့ သူ့လက်သည်းခွံပေါ်က အဖြူရောင်စက္ကူပန်းတွေကို ခြွေချပြတယ်။ ညီမလေးမြတ်နိုးဟာ သူ့ရှေ့က ပင်လယ်ကြီးကို ငေးပြီးပြောတယ် သူမပိုင်တဲ့လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ကို ရှင့်ရဲ့နောက်ထပ်အနှစ်နှစ်ဆယ်ဆီက မေတ္တာတရားတွေ ခိုးပေးပါတဲ့။ ပြီးတော့။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်က ကျွန်မ ကျခဲ့တဲ့မျက်ရည်တွေကို ဟိုးးရှေ့ကပင်လယ်ကြီးထဲ တစ်စစီချေမွပြီး ပစ်ချပြပါတဲ့။ ပြီးတော့။ အဲ့ဒီပင်လယ်ကြီးဆီက လှိုင်းကြက်ခွပ်လေးတွေကို လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က ရှင့်ရင်ဘတ်မှာ ပြန်တပ်ထားပါတဲ့။ ပြီးတော့။ ရှင့်ရင်ခုန်သံတွေကို လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကျမရဲ့ချစ်ခြင်းမေတ္တာဆီ လက်ဆောင်ပို့ပေးပါတဲ့။ ပြီးတော့။ လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်က ကျမရဲ့ချစ်ခြင်းမေတ္တာနဲ့ နောက်ထပ်အနှစ်နှစ်ဆယ်က ရှင့်ရဲ့ချစ်ခြင်းမေတ္တာကို တွေ့ခွင့်ပေးလိုက်ပါတဲ့။ မြို့ပြရဲ့တံခါးတွေဟာ အကန်းမျက်လုံးလို ဖွင့်လျှက်နဲ့။ ညီမလေးမြတ်နိုးရဲ့ စကားသံအဆုံးမှာ၂၀၁၅ ခုနှစ်နဲ့ သူ့လက်သည်းပေါ်က စက္ကူပန်းတွေဟာ သေအောင်ငိုတော့တာပါပဲ။ အင်္ကျီကော်လံအောက်မှာ နှစ်ပေါင်းများစွာရပ်တည်လာတဲ့ ဂုတ်ပိုးသားဟာ ပြိုကျသေဆုံးသွားတယ်။ နှင်းငွေ့တွေဟာ သူငယ်အိမ်ဆီကို ပြေးဝင်ပြီးဆောင့်တယ်။ မအော်ဘဲ မြည်နေကျအသံတွေဟာ စီးကရက်ပြာစလို ကြွေကျသွားတယ်။ ရုပ်မြင်သံကြားဆီကလာတဲ့ နုတ်ဆက်တေးသွားအဆုံးမှာ ညီမလေးမြတ်နိုးရဲ့ တံခါးပိတ်ထားတဲ့မြို့ဟာ ၂၀၁၅ ခုနှစ်ကို ကန်ထုတ်ပစ်လိုက်တော့တယ်။ အဝေးကြီးကို။
မှားတယ်
မှားတယ်
အရမ်းမှားတယ်
အသံတွေဟာ ခြစ်ခြစ်တောက်ပူလောင်နေတယ်။ ငါတို့အကြိမ်ကြိမ်ပြောခဲ့တဲ့ ချစ်ခြင်းမေတ္တာဟာ ငါ့မသိခြင်းမှာ ဘာလို့ရှိမနေခဲ့တာလဲ။ ငါအကြိမ်ကြိမ်ဖက်တွယ်ခဲ့တဲ့ ကြင်နာမှုကို ငါကဘာလို့ အသေလေးမွေးပေးလိုက်မိတာလဲ။ ငါ့အကြိမ်ကြိမ်ကိုးကွယ်ခဲ့တဲ့ သစ္စာတရားဟာ ဘာလို့ ငါ့အတ္တဖြစ်ခဲ့ရတာလဲ။ ၂၀၁၅ ခုနှစ် ဟာ သူ မမေးဖြစ်ခဲ့မျှမေးခွန်းတွေနဲ့ ကျုပ်ဆီကိုရောက်လာတယ်။ အဲ့ဒီအချိန်ကစပြီး မေးခွန်းတွေဟာ ကျုပ်အိပ်မက်ကို အနီရောင်အဆင့် စတင်တိုက်ခတ်တော့တာပဲ။ စက္ကူပန်းအကြွေတွေ ။ ဖွေးဖွေးလှုပ်လျှက် ။



 နွေစကူး

စက္ကူပန်းများနဲ့ ကမ္ဘာ (၁) ( နွေစကူး )

(နွေစကူး)




လူဖြစ်ခြင်းဟာ မောဟိုက်မှုပဲ ပစ်ခ်ဂီ ။
လူသေအလောင်းတွေပေါ်က တစ်ခွန်းစ နှစ်ခွန်းစ တရားသံကို ရှိုက်သွင်းပေး။
အခိုးအငွေ့ဟာ ခြောက်ကပ်နေဖို့ မလို။
လည်ချောင်းဝမှာ လှိုင်လှိုင်ထနေတဲ့ အပုတ်နံ့ကို နှာသီးဖျားကနေ ပြန်မှုတ်ထုတ်ရင်း ကျင့်တဲ့တရား၊
ငါ့စရဏဟာ ခြောက်ပစ်ကင်းပါ့မလား ပစ်ခ်ဂီ ။
ငါ့မိခင်ဆီက ရခဲ့တဲ့ ရေမွှေးနံ့ကို ငါ့ဇနီးဆီကပြန်မရခဲ့၊
နာကျင်မှုကို အတွင်းခံတစ်ထည်လို ဆွဲချွတ်ပစ်ချင်မိ ။
ငါမကြွေခင် ငါ့နတ်ဘုရားကို ငါထူမပြီး ငါ့မြေသြဇာနဲ့ ငါ့ကိုယ်ငါ သီးပွင့်ချင်တယ်။ စက္ကူပန်းအဖြစ်။
လူတွေရဲ့ စိတ်ထဲက အတ္တကို ခွဲထုတ်ပေးပါလား၊ မီးရှို့ပြာချ အရာရာဟာ အငွေ့။
လူအဖွဲ့အစည်းရဲ့ မှတ်ဥာဏ်ပေါ်က ဘာသာတရားတွေ လူ့မျိုးစိပ်ကွဲမှုတွေ အားလုံးကို ခါထုတ်ပစ်ချင်တယ်။
ချစ်ခြင်းမေတ္တာဟာ အတ္တပဲ ဖြစ်သင့်သလို ချစ်ခြင်း မေတ္တာဟာ ဘုရားသခင်ပဲ ဖြစ်သင့်တယ် မဟုတ်လား။
သိပ်ပြီးနိမ့်ပါးတဲ့ လူတွေရဲ့ စာရိတ္တဟာ သိပ်ပြီးချမ်းသာတဲ့ လူတွေရဲ့ ဆေးသားသက်သက်ပဲ။ ပန်းချီကား ။
ကိုယ့်သိမှုဟာ ဗုံးတစ်လုံးလို လူအဖွဲ့အစည်းကြားထဲ တိုးဝင်ပေါက်ကွဲသွားရင် ကောင်းမယ်။
ဆုတောင်းခဲ့ရ ။ ယိုစိမ့်ခဲ့ကြ ဖောက်ထုတ်ခဲ့ကြ ဘာတွေမြန်းတင်ကျန်ခဲ့သလဲ ပစ်ခ်ဂီ။
အရာအားလုံးဟာ မီးခိုးကြွက်လျှောက်ထိုးလောင်နေတာပဲ ။ ငရဲမီးလို ။
ဒါနဲ့ပဲ ငါတို့အရေခွံတွေ ကွဲအက်ကြေမွ။ အရှိုးရာ အပြည့်နဲ့။ လိမ်လည်တတ်တဲ့ နှုတ်ခမ်းတွေကို မြင်လျက်နဲ့ ယုံကြည်ပေးနေတဲ့နားတွေကို ငါရွံမိတယ်။
အသံသက်သက်နဲ့ တက်မလာကြပါနဲ့။
စကားလုံးတွေဟာ လူသတ်ကွင်းထဲက သွေးညှီစတွေလိုမျိုး၊ အပြုံးအတုတွေကြား လွှင့်။
စက္ကူပန်းများ။ ရင်သားဟာ အနီရောင် အဲ့ဒါဟာ ကောင်းကင်ဘုံက ကျလာတယ်။
ကောက်ယူပါ။ ဘယ်ပန်းကမြန်း မွေးရာပါအနံ့မဲ့ခြင်းရှိသလဲ။
ဘုရားကျောင်းတွေဆီမှာလား၊ ဆံသားအထက်မှာလား၊ ပန်းအိုးတစ်လုံးအပေါ်မှာလား။
သေဆုံးခြင်းအတွက် စက္ကူပန်းများ နိုးထ၊ ကြိုသူမဲ့ ။





 နွေစကူး

*** မောင် *** ( ရင်ခွင်ရှိန်း )


ရှိန်းသူအောင်

.






 မောင် ။
ကျမ မောင့်ကို မြင်နေရပါလျှက်နဲ့ အလွမ်းစိတ်ကို သတ်မပစ်နိုင်ဘူး။
မောင်က ကျမကို အရူးမလေးလို့ခေါ်တယ်နော် ။
ကျမ မရူးပါဘူးမောင်ရယ်။ မရူးလို့သာမောင့်ကို ချစ်နေတာပေါ့ ။
ဒါမှမဟုတ်ရင်လည်း ကျမ အရမ်းရူးလွန်းလို့မောင့်ကိုချစ်နေတာလည်းဖြစ်နိုင်တာပဲ။
ကျမဒီနေ့တစ်နေ့လုံးငိုနေမိတယ်မောင်။
လွန်ခဲ့တဲ့ ခြောက်နှစ်က မိုးရွာထဲမှာ မောင့်ကိုမချစ်နိုင်ဘူးလို့ ပြောခဲ့မိတယ်။
ကျမက ခံစားမှုတစ်ခုကိုအကြာကြီးသိမ်းထားရုံကလွဲပြီး မောင့်ကိုသိပ်မညာတတ်ပါဘူး။
ကျမ အဲ့ဒီတုန်းက မောင့်ကိုတစ်ကယ်မချစ်ပါဘူး ။
မောင်က ကွမ်းတွေလည်းစားတယ်။ ဆေးလိပ်ကလည်း တစ်လိပ်ပြီးတစ်လိပ်သောက်နေတာပဲ။
ပြီးတော့ စကားပြောရင်လည်း တစ်လမ်းလုံးမောင့်အသံကြီးပဲ ။
ဆရာကြီးကလည်းလုပ်သေးတယ်။ မောင်က ရုပ်လည်းဆိုးတယ်။
*မင်းက ငါ့ကိုမချစ်ဖူးလို့ပြောတယ် ။ မတတ်နိုင်ဘူး ... မင်းစကားရဲ့ဆန့်ကျင်ဘက်ကို ငါက
ပြောယူရမှာပဲ* တဲ့ ။ မောင်ဒီလိုပြောခဲ့တယ်။
မောင်က လူသားဆန်ဆန်ခံစားမှုမျိုးကိုနှစ်သက်တယ်လို့ ခဏခဏပြောတယ်။
ဒါပေမယ့် ကျမအမြင်မှာတော့ မောင်က စက်ရုပ်လေးပါပဲ ။ အသက်ရှုနေတာကလွဲလို့ပေါ့။
မောင့်ဆံပင်ရှည်ရှည်တွေကိုလည်း ကျမ မကြိုက်လွန်းခဲ့ပါဘူးကွယ် ။
မောင်တို့ကျောင်းမှာတက်နေတဲ့အဆောင်ကညီမလေးတွေကပြောတယ် ။ မောင်ကလူဆိုးတဲ့။
ကျမ ဘာမှမသိဘူးမောင်။ မောင့်ကို ကျမ ကြောက်ခဲ့တယ်။
မောင် ရည်းစားစကားပြောတော့ ကျမ ထီးကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားခဲ့မိတယ်။
မောင် ကျမ လက်ကိုလာကိုင်ရင် ဒါမှမဟုတ် ကျမ ပုခုံးကိုလာကိုင်ရင် ရိုက်ပစ်လိုက်ရအောင်လို့လေ။
ဆေးလိပ်သောက်လွန်းလို့ မောင့်နှုတ်ခမ်းတွေက ညိုမည်းနေတာလား ။
အအေးမိလို့မောင်ချမ်းနေတာလား ။ ဘာလို့ အဲ့ဒီတုန်းက ဒီလိုအတွေးမျိုးမတွေးခဲ့မိတာလည်းမသိဘူး။
အဆောင်ကို နောက်တော့ မောင်ခဏခဏဖုန်းဆက်တယ်။ ကျမ အရမ်းစိတ်ညစ်ခဲ့တာပဲမောင်။
ကျမ ကိုမနှောင့်ယှက်ပါနဲ့လို့ပြောလိုက်မိတယ်။ မောင်ဘယ်လောက် နာကျင်လိုက်မလဲနော် ။
ဒုက္ခပါပဲမောင်ရယ် ။ ကျမ မျက်ရည်တွေထိန်းလို့မရဘူး။ ကျမ ခု ငိုနေမိတယ်။
မောင့်လက်ရေးနဲ့ရေးပေးတဲ့စာကို ကျမ မဖတ်ဖြစ်ပါဖူး ။
အဆောင်ကညီမတွေဖတ်ပြီး တခစ်ခစ်ကြိတ်ရယ်သံကို ကျမကြားတယ်။
ကျမ စိတ်ထဲ ဘာတွေဘ၀င်မကျဖြစ်နေခဲ့မှန်း ကျမ မသိပါဘူးကွယ်။ အဲ့ဒီစာကိုသွားယူပြီးဆွဲဖြဲလိုက်ချင်ခဲ့တယ်။
မိုးတွေ ခု ရွာနေတယ်မောင် ။ သိလား ။ လွန်ခဲ့သောနှစ်များဆီကအတိုင်းပဲ ။
*အသက်ဓာတ်လေးကို စစ်ယူနေရတဲ့အချိန်ပါ မမ*
မောင်ပြောတဲ့စကားတွေလည်း ကျမ နားမလည်ခဲ့ပါဘူး။ မောင့်ကဗျာတွေ ကိုလည်းမကြိုက်ပါဘူး။
ကိုသူရ ကိုမောင်မှတ်မိသေးတယ်မှတ်လား ။ မောင် ကျမနောက်ကိုမလိုက်အောင်ဆိုပြီး
မောင့်ရှေ့မှာ သူနဲ့ အတူတူရယ်မောပြီးလမ်းလျှောက်ပြရသေးတယ် ။
လွယ်အိတ်ကိုဆုပ်ကိုင်ထားမိပြီး ရင်ခုန်နေခဲ့တာကလွဲလို့ ကျန်တာအဆင်ပြေခဲ့ပါတယ်မောင်။
ကျမ က ခပ်ပိန်းပိန်းပါ မောင်ရယ်။ စာတွေဘာတွေလည်းမဖတ်တော့ ဘာမှသိပ်မသိပါဘူး ။
မောင်အရက်တွေသောက်ပြီး လဲနေတယ်တဲ့။သူများတွေပြောတာ ကျမကြားတယ်။
သေသွားလည်း အေးတာပဲ လို့ ကျမ ပြန်ပြောခဲ့တယ်မောင် ။ မဟုတ်ဘူး မောင်။
တစ်ကယ်တော့ မောင်က အဲ့ဒီကစပြီး ကျမနှလုံးသားထဲမှာ ရှင်သန်လာတာပါ ။
မောင်ခု ကျမ ရေးပေးတဲ့စာကိုသေချာဖတ်နော်မောင် ။ ဒါကျမနှလုံးသွေးတွေမို့လို့ပါ။
မောင့်ကို ကျမ ချစ်တယ်မောင်။ ဒါပေမယ့် ဘယ်လိုကြီးမှန်းမသိဘူး ။
*ရှင်က အရူးပဲ* လို့ကျမ ငိုပြီးပြောခဲ့မိတယ်။ ကျမကဘာမှန်းလည်းမသိပါဘူးမောင်ရယ်။
ချစ်လည်းငိုတယ်။ ကြောက်လည်းငိုတယ်။ ဘာမှန်းမသိတဲ့ခံစားမှုတစ်ခုခုရရင်လည်းငိုတတ်တာပဲ။
*ဒီဘ၀မှာ မင်းပေးတဲ့ချစ်ခြင်းမေတ္တာကို ကိုယ် ရရှိဖို့လိုတယ်။ ဒီအတ္တလေး မင်းယူပါကွာ* တဲ့
ကျမ ကြောက်ကြောက်လန့်လန့်နဲ့ပဲ မောင့်ကို ခေါင်းငြိမ့်ခဲ့တယ်မောင် ။
မောင်ဖမ်းဆုပ်ထားတဲ့ ကျမ လက်ကောက်ဝတ်က နာကျင်မှုက ကျမ မောင့်ကိုလိမ်ညာပြီးအဖြေပေးလိုက်မိခြင်းပဲ။
ထီးကိုလွှင့်ပစ်ပြီး ကျမ ကို ပွေ့ဖက်ထားတဲ့မောင့်တစ်ကိုယ်လုံးဟာ တုန်ရီလို့ ။ ကျမ အံ့သြမိခဲ့တယ်။
မိန်းမတစ်ယောက်ရဲ့လိမ်ညာမှုက မောင့်အတွက် အရက်သောက်ခြင်းလား ။
ကဗျာတွေရေးခြင်းလား ။ မိုးစက်တွေအောက်မှာ ခိုတွဲနေတဲ့မျက်ရည်တွေကို ဖုံးကွယ်ပစ်ခြင်းလား ။
ကျောင်းပိတ်ရက်တွေ မြန်မြန်ရောက်ပါစေလို့ ကျမ ဆုတောင်းခဲ့တယ်။
ယောက်ျားတစ်ယောက်ရဲ့ရယူပိုင်ဆိုင်လိုမှုတွေကို ကျမ ကြောက်လန့်ခဲ့တယ်။
ကျောင်းပိတ်ရင် နယ်မြို့ကို ကျမပြန်မယ်။ မောင့်ကို ရှောင်မယ်လို့တွေးခဲ့မိတယ် ။
မောင် ။ ကျမ စိတ်မကောင်းပါဘူး ။ ကျမ မောင့်ရဲ့ချစ်ခြင်းမေတ္တာကိုအကြိမ်ကြိမ်လိမ်ညာခဲ့ရတယ်။
ခု မိုးတွေ တအားရွာလာပြီမောင် ။ တက္ကသိုလ်ကခုံတန်းလေးကို ကျမ ပြန်သတိရတယ်သိလား ။
ခုံတန်းလေးပေါ်မှာ *မမကို ချစ်တယ်* ဆိုတဲ့စာသားကို မောင်ရေးတယ်။ ရူးလိုက်တာမောင်ရယ်။
သူများတွေမြင်တော့ ပြုံးစိစိလုပ်ကြတာပေါ့ ။ မောင်က တစ်ကယ်မကောင်းဘူး ။
ကျမ ပျော်သလို စိတ်ရှုပ်ထွေးသလိုနဲ့ ။ ခုံတန်းပေါ်မှာ အဲ့ဒီစာသားဟာ နေ့တိုင်း ထင်းနေတာပဲ။
ဘယ်တော့မှမှိန်မသွားဘူးမောင်။ မောင်ဟာ နေ့တိုင်း အဲ့ဒီစာသားကိုထပ်ထပ်ရေးနေတယ်ဆိုတာ ကျမသိလာတယ်။
မောင့်ဆီကို ကျမ ရောက်လာခဲ့တယ်။ မောင် ကျမ ကိုအဲ့ဒီတုန်းကကြည့်တဲ့အကြည့်ကို ကျမ မှတ်မိသေးတယ်။
ဘယ်တော့မှ မောင့်ဆီက အဲ့ဒီလိုအကြည့်မျိုးဒီဘ၀မှာထပ်မရပါစေနဲ့လို့လည်း ကျမ ခုဆုတောင်းတယ်။
မောင်ရယ်။ ကျမ မောင့်ကို ချစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုကြီးမှန်းမသိဘူး။
ကျမ ဒါပဲပြောတတ်တယ်မောင် ။ မောင်က ရယ်တယ်။
နာကျင်မှုတွေနဲ့ရယ်ရတဲ့အရသာကိုကျမ မသိဘူးမောင်။
ဒါပေမယ့် အဲ့ဒီရယ်သံက ကျမကို အရမ်းနာကျင်စေခဲ့တာတော့ အမှန်ပဲ ။
ကျမ မိုးရွာထဲမှာ တစ်ချိန်လုံးရပ်နေမိတယ်မောင် ။ ကျမ ငိုနေခဲ့တယ်။
စိတ်နှလုံးထဲမှာ ကြေကွဲလိုက်ရတာ မောင်ရယ် ။ ကျမ က လိမ်ညာတဲ့သူ ။
ကျမ က ချစ်ခြင်းမေတ္တာကိုပချုပ်ထဲ ထည့်ထားခဲ့သူ ။ *မမကို ချစ်တယ်*ဆိုတဲ့စာသားကို ရှက်တတ်ခဲ့သူ။
မောင်ရောက်လာတယ်။ ကျမ မျက်ဝန်းတွေကို မောင်မြင်ခဲ့တယ်။
ကျမ နှလုံးသားထဲက ထွက်ပေါ်လာတဲ့ အသံကို မောင်ကြားခဲ့တယ်။
7.5.2007 ။ မောင် ကျမ ကို ချစ်တယ်။ ကျမ လည်း မောင့်ကို ချစ်တယ် လို့ ပြန်ပြောခဲ့တယ်။
ခုဆို မောင်ကခဏခဏ ချစ်ရဲ့လားလို့ မေးတယ်။ ဘာဖြစ်လဲ ။
ကျမလည်း ချစ်တယ်လို့ ခဏခဏပြောခွင့်ရတာပေါ့။
ကျမ နှလုံးသားရဲ့အနက်ရှိုင်းဆုံးတစ်နေရာကနေ မောင်ဘာကိုကြားနိုင်မယ်ထင်လဲ။
မောင် ဆိုတဲ့ အခေါ်အဝေါ်လေးပဲ့တင်ထပ်နေသံကိုပဲ မောင်ကြားလိမ့်မယ်။
ကျမ ခု ငိုနေတယ် မောင်။
ဘေးမှာ မောင်က စာဖတ်နေတယ်။ ကျမ က ငိုနေတယ် ။
မောင်ကတော့ ရယ်နေတယ်
.


ရင်ခွင်ရှိန်း

နှင်းဒိုင်ယာရီ ( ဇော်သူရ )


ဇော်သူရ









(၁)
ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းလား
ဟိုဘက်အခြမ်းနဲ့ ဒီဘက်အခြမ်းလား (နှင်းရယ်)
မဆုံနိုင်ခြင်းခံတွင်းဝမှာ
ကိုယ်တို့နှစ်ဦးအတူရပ်မိခဲ့ကြတယ်...။
(၂)
ပွက်ရည်မြင်နေတဲ့ ရင်ဘတ်ချော်စက်
စင်ထွက်မှာစိုးနေတယ်
လည်ချောင်းဟာ ရင်ဘတ်ကိုမြိုထားရ
မချိမဆန့်ကြီး.........................
ရင်ဘတ်တိုးထွက်လာပုံကြည့် ခလုတ်နှိပ်
မီးလုံးမှာ ဝေဒနာတွေလင်းတတ်လာသလို
မချိမဆန့်ကြီး.........................
ပိန်ရှည်ရှည် ဓာတ်တိုင်မှဝေဒနာအသီးအပွင့်အား
အားလုံးမြိန်ရေယှက်ရေလင်းပါ၊
အရေပြားမွေးညှင်းလေးတွေက စိမ့်ထွက်လာတာအချစ်
တံဆက်မြိတ်က ပျင်းရိရေစက်တွေကအချစ်
လမ်းမပါးပြင်ကို အရှိန်ပြင်းပြင်းနမ်းရှုပ်သွားတဲ့
ကားဘီးတွေဟာအချစ်. . . . .
ထုထည်မရှိပေမယ့် ကန်ရေကိုရှက်သွေးဖြာ
လှိုင်းတွန့်သွားစေတာ အချစ်
အားလုံးဟာ .... ...နှင်းအတွက်အချစ်ဖြစ်ခဲ့တယ်။
(၃)
ကိုယ်ကရီရယ်လစ်ဇင်လူ
အရေပြားပေါ်ကတတ်တူးတွေ အလိုမရှိရင်
အချိန်မရွေးဖျောက်နိုင်စွမ်းတဲ့ ...ခေတ်
အတွင်းနှလုံးသားမှာ ဘာဆေးမှမပါရေးထိုးထားတဲ့
(နှင်း) အမည်ကိုဖျောက်နိုင်စွမ်းမရှိတာလည်းခေတ်
ပုံရိပ်တွေ
စုတ်ချက်ကြမ်းကြမ်း ဆေးသားရဲရဲ
အမှန်တရားအတွက် နှစ်ဦးလုံးနံရံကိုခေါင်းနဲ့ဆောင့်တယ်
စာမျက်နှာတွေပေါ်မျက်ရည်တွေပေလို့
ပါရီမြို့ကြီးကုန်းရုန်းထလာ ကိုယ့်ကိုကြိုဖို့တဲ့
ကိုယ့်နှုတ်ခမ်းဖျားမှာ နှုတ်ဆက်ခဲ့ပါတယ်ကိုရွတ်
ရထားတစ်စီးထွက်သွားတယ်........၊
တစ်ခါတစ်လေညကိုငေးရီကြည့်ရတဲ့ ဆိတ်ဖလူးပန်းလေးဟာ
ကိုယ်ပေါ့.. .... ...
ရန်ကုန်မြို့ရဲ့ညဆိုင်းဘုတ်တွေလို အချိန်မတန်မချင်း
ကိုယ့်မှာလင်းခွင့်မရှိ... .....
(အရှင်ဘုရား)
နောက်ဘ၀ကိုသနားသဖြင့်ပေးတော်မူပါ၊
နှစ်ဦးဆုတောင်းသံဟာ လေထဲမှာဆုံလို့
ညဟာငယ်သံပါအောင်အော်ငိုခဲ့ရတယ်။
(၄)
ကိုခင်ဝမ်းအတွက် ဆရာချော (မောင်ချောနွယ်)ရွတ်သလို
ရန်ကုန်မှာမိုး
မန်းလေးမှာနွေ
ပြည်မှာဆောင်းပါ .....သူငယ်ချင်းတဲ့
ကိုယ့်အတွက်ကတော့ နှင်း.ပေါ့ကွယ်
နှင်းဟာသပ်ရိုက်ထားသလို
ကိုယ့်နာမ်မှာတွယ်ကပ်လို့ ... ..ဧရာဝတီလို
ကိုယ်အားကောင်းမောင်းသန်ဆက်စီးဦးမယ်
ကိုယ်ဟာ.နှင်းနဲ့ပတ်သတ်ရင်
ဒီကူနင်း ၊ ဖရန့်ကလိုင်း ၊ ဂျက်ဆန်ပေါလ်လော့ခ်
တစ်ခြားသူအတွက်ဆို
ကိုယ်ဟာ နိသျှေး....အဟောင်းအမြင်းပဲ
ခပ်ပါးပါးမူးရစ်ရီဝေတဲ့ ညရဲ့ကြယ်မှုန်ကြယ်မွှား။
(၅)
အော်မြည်လိုက်စမ်း
ဝုန်းဆိုကြယ်တစ်လုံး ထိုးကျလာ
ရင်ဘတ်တည့်တည့်ကြီးဟ.. ရင်ဘတ်ဟာမဆံ့တော့ဘူး
အခန်းကျဉ်းနဲ့လည်း မဆံ့တော့ဘူး
အရက်ပုလင်းမှာလည်း မဆံ့တော့ဘူး
စီးကရက်ဗူးခွံမှာလည်း မဆံ့တော့ဘူး
မ..ဆံ့...တော့........... ...ဘူး
စမ်းချောင်းဟာ ၀တ်ကျေတန်းကျေစီးခဲ့
ဒီနာမည်ရွတ်ရုံနဲ့ အရေပြားတွေလိပ်တတ်လာပုံကိုကြည့်စမ်း
မှတ်တိုင်မှာကားစောင့်လူအုပ်ကြီးလို
ငါ့ကိုကော်ဖီတိုက်ပါ
သေဖို့လိုအပ်နေတဲ့အတွက် ကော်ဖီတိုက်ပါ။
(၆)
ဆုတောင်းရအောင်
လက်အုပ်မချီပဲ ဆုတောင်းရအောင်
ကိုယ့်လက်ကို ကိုင်ပါ
ကိုယ်ရွတ်သလို ရွတ်ပါ..... . .
ပြီးမှလက်ထပ်ပွဲကိုသွားပေါ့
ကိုယ်ဆုတောင်းမယ် kampai (ခန်းပိုင်)
ကိုယ်ပျော်ပါတယ် ကိုယ်ပြုံးပုံကြည့်လိုက်နှင်း
နှုတ်ခမ်းသားလှိုင်းတွေလူးလို့ ၊လိမ့်လို့
မြစ်ဟာစာအုပ်တစ်အုပ်သယ်ဆောင်ရင်းခရီးထွက်ခဲ့ပြီ၊
မြစ်ဟာမမောဘူး ၊ မငိုတော့ဘူး...
ခိုင်မာမျက်နှာပြင်ပေါ်မှာ သယ်ဆောင်နိုင်သမျှသယ်ဆောင်
မြစ်ဟာခရီးထွက်ခဲ့ပြီ(...........................)
ဘယ်သူတွေပြောပြော နှလုံးသားတစ်ခုရတယ်
ဘယ်လောက်ဝေးဝေး နီးခဲ့တယ်
ဘယ်လိုဖျက်ဖျက် မြဲခဲ့တယ်......
ကျေနပ်တယ် အဖန်ငါးရာကျေနပ်တယ်
ဖွဖွလေး လည်ချောင်းထဲကအလုအယက်တိုးထွက်လာ
စကားလုံးများ နှင်းကိုချစ်တယ်....၊
မျက်စိအနားသတ်ရာ လွင်ပြင်ဆန်ရင်ဘတ်များ
ခိုင်မာစိတ်တောင်တန်းများ မိုးမလုံခေါင်မိုးကောင်းကင်ပြာ
အားလုံးဟာနှင်းကြောင့်ဖြစ်ခဲ့တယ်။။
(၇)
မာယာကော့ဗ်စကီးဟာ မာရီယာအတွက်
ဘောင်းဘီဝတ်မိုးတိမ်ကို သီခဲ့တယ်
ဒါက.........
နှင်းအတွက် ကိုယ့်ရဲ့
နှင်းဒိုင်ယာရီ ။ ။




 ဇော်သူရ

- စက်တင်ဘာကောက်ကြောင်းများနဲ့ ပြန်စာ - ( ကျေးတော်မျိုး )


( ကျေးတော်မျိုး )




လိုင်းမတူတဲ့ ကပ်ဖဲ တစ်ချပ်လို
ကျနော့်ကို လိုတုန်းသုံးဖို့ဆို
ခင်ဗျားကို ကျနော်မုန်းတယ် … မခင်မာ။

ဝင်ရိုးစွန်းခြင်းတူနေတဲ့
ခင်ဗျားနဲ့ ကျနော့်ရဲ့ လက်ဖျံ နှစ်ချောင်းမှာ
အပ်ရာတွေသာ များလာတယ်
ခုထက်ထိ…. အားမဖြစ်ခဲ့ပါဘူး…….။

ဘယ်နေရောင်ခြည်ရဲ့ စိတ်ဝင်ပေါက်နဲ့
ခင်ဗျားက တောက်ပချင်တာလဲ မခင်မာ
ကျနော့်ရဲ့ မျက်ကွယ်ရာမှာ
ကြယ်တွေ တလုံးတထွေးနဲ့
ခင်ဗျား ယဉ်ကျေးချင်လျက် ရိုင်းနေတယ်။

ကျနော်မခမ်းနားတိုင်း
မခင်မာအပေါ် ရိုင်းခဲ့ဘူးသလား………..
ဆုတောင်းစကားတွေ ပြည့်ဖို့ထက်
မခင်မာရဲ့ ကျက်သရေကို ပိုမြတ်နိုးခဲ့တယ်..
ကျနော်ရို့ကျိုးသလောက်တောင်
ခင်ဗျားရဲ့ မျက်ဝန်းတွေ မတောက်ပခဲ့တာ
ထပ်ပြီးရေလောင်းပေါင်းသင်နေလဲ
ဒီအဆိပ်ပင်က ကျနော့်အတွက်ပဲ…..။

သွားပါမခင်မာ….ထားခဲ့ပါ……..
ခင်ဗျား စီးမသွားချင်တဲ့ ဖိနပ်ပဲ……
ကျနော့် ကမ္ဘာကလည်း
နောက်တစ်ပတ်ပြီး တစ်ပတ်ပေါ့…။

ရေအဆုံး ကုန်းတစ်ဝက်တဲ့
ခင်ဗျားနဲ့ ကျနော်ကတော့
မီးခိုးမဆုံး မိုးမဆုံး………
မုန်းလိုက်ကြတာ ပိုကောင်းပါတယ် မခင်မာ……။



(ကျေးတော်မျိုး)

စိုက်ခင်းစိမ်းစိမ်းထဲ အတုအယောင်/အရောင် အတွေးအခေါ်တွေလား မေဂျူနို ( ကျော်ဦး - လှိုင် )


(ကျော်ဦး - လှိုင်)

 

 

အလွတ်မရှိတော့တဲ့ ဘဝအကန့်ထဲ တစ်ယောက်တည်းနေသားကျလာပြီ
စိတ်ထဲဝင်လာတဲ့ သေကောင်းပေါင်းလဲ သတိရခြင်းတွေနဲ့
ငါက အိမ်ပြန်ချင်စိတ်ကို ဘာသာတရားတစ်ခုလို ကိုးကွယ်နေတဲ့သူပဲ
အထီးကျန်နေတဲ့ စိတ်တွေက လေးလေးလံလံဆွဲတင်းထားသလိုမျိုးပေါ့
ဝမ်းနည်းစရာအဖြစ်အပျက်တွေနဲ့ ပတ်ဝန်းကျင်မှာ
ငှက်တစ်ကောင်ရဲ့ ကျွတ်ကျလာတဲ့အမွှေးလို လွင့်ချင်ရာကို လွင့်ပစ်လိုက်ချင်တယ်
လူတွေ မယုံကြည်တဲ့ ကဗျာဆရာဘဝကို ငါက ခုံမင်တဲ့သူ
အထင်လည်း သိပ်မကြီးနဲ့ပေါ့ မေဂျူနို ကမ္ဘာကြီးကို ထမ်းထားတယ်ဆိုတဲ့အထဲ ငါမပါခဲ့ပါဘူး
ကိုယ့်မကောင်းမှုကို ဘယ်သူကများ ရိုးရိုးသားသား ရိုက်ခွဲပြရဲမလဲ
နင့်နှုတ်ခမ်းလှလှလေးနဲ့ ငါ့ကို ကျမ်းကျိန်ပြစရာမလိုပါဘူးကွယ်.. ဒါဥပဒေမှ မဟုတ်ပဲ
နင့်ရင်အုံနုနုမှာ ငါ့ချစ်ခြင်းမေတ္တာကို တက်တူးလို စွဲစွဲမြဲမြဲ ထိုးပေးထားပေါ့ကွယ်
ကိတ်ဝင်းဆလတ်ရဲ့ လက်မောင်းသားလှလှကိုမြင်တိုင်း ငါက ကိုယ်နဲ့မဆိုင်ပဲ ငိုကြွေးနေတတ်တဲ့သူ..
နင့်ကိုပြောပြဖူးတဲ့ ဒီမင်းသမီးရဲ့ လိင်မှုအသားပေးဇာတ်လမ်းတွေကို မကြည့်ဖြစ်တော့ဘူးကွယ်
စိတ်မပါလက်မပါနဲ့ လူမှုရေးကွန်ဒုံးကြီး အသုံးချဆက်ဆံနေရတာ အဆင်မပြေမှုတွေ အစိမ်းလိုက် ဝါးစားနေသလိုမျိုး
နေရာတစ်နေရာအတွက် တစ်ယောက်ကိုတစ်ယောက် အတုအယောင် ချစ်ခြင်းမေတ္တာတွေ ဖြန့်ဝေနေကြတယ်
နင်ပြောခဲ့ဖူးသလိုပေါ့ မေဂျူနို...
အောက်ကားတွေဆိုပေမယ့် ငါလည်း ဆေးနဲ့ဘော်ဒီ ခပ်လတ်လတ်တွေပဲ လိုချင်မိတာပါပဲ..
တစ်ယောက်ကို တစ်ယောက်လိုအပ်နေချိန်တွေမှာ
နင့်လက်ဖဝါးနုနုထဲမှာ ငါ့ကိုနစ်မြုပ်သွားအောင် သိမ်းပိုက်ထားလိုက်ပါကွယ်
အထူအပါးနားမလည်တဲ့ တိုက်ခိုက်မှုတွေက နင့်ဆံပင်တွေ သပ်တင်လိုက်တာလောက် စိတ်လှုပ်ရှားစရာမှ မကောင်းတာပဲ
ငါတို့စွဲလန်းမှုအချင်းချင်း အသွေးအသားတွေထဲ ခပ်နက်နက် စိုက်ထားလိုက်ကြမယ်
မလိုအပ်တော့တဲ့ ယဉ်ကျေးမှုတွေကို အစမထွက်အောင် ရိုက်သိပ်ပစ်လိုက်
အရှုပ်တွေအချင်းချင်း ထိပ်တိုက်ရင်ဆိုင် ရိုက်ခွဲနေတဲ့ကမ္ဘာဟာ ငြီးငွေ့စရာမကောင်းဘူးလားကွယ်
အနုပညာ အတုအယောင်များ
ဟန်ဆောင်မျိုချနေရတဲ့ လူမှုရေး အဆိပ်အတောက်များ .
မနာလိုဝန်တိုမှုတရားတွေချည်း သွေးကြောထဲ ကင်ဆာရောဂါလို အမြစ်တွယ်လာ
မှန်ထဲပြန်ကြည့်လိုက်တိုင်း ထွက်လာတဲ့ သံသယဆန်ဆန် စိတ်ဝါဒီ
အား.... အာရုံတွေပဲ....
လူဖြစ်ခွင့်လက်မှတ်မှာ စိတ်ပျက်စရာ စာမျက်နှာတွေ
ညှီနံ့ထနေတဲ့ သတင်းတွေက ပိုးစိုးပက်စက်ကြီး ပြန့်ကျဲနေတယ်
မသတီတဲ့ စိတ်ဓါတ်တွေကို စွန်းထင်းနေတဲ့ အင်္ကျီတွေပေါ်ထွေးချပစ်လိုက်တယ်
ရှိသမျှ Generation တွေအကုန်လုံး ဒီ Key တွေနဲ့ပဲ ညဉ်းနေရတော့တာပဲ မေဂျူနို
ငါတို့ခေတ်မှာ ငါတို့ဝတ်ဆင်မိသမျှက အရောင်အမှားတွေချည်းပဲလားကွယ်...။



 ကျော်ဦး(လှိုင်)

ဘာတဲ့ ကျနော်ချစ်တဲ့ သူ့ခြေမလေးက ရူးနေတာတဲ့ ( မောင်မိုးမြင့် )


(မောင်မိုးမြင့်)

 

 

 

နားထင်ထဲက မီးခိုးတွေ အလျားလိုက် အူထွက်လာသလို ၊ စတင်
ပြုတ်ထွက်သွားခဲ့သော တန်ဖိုးနည်း အိမ်မက်အပိုင်းအစများ ရေစက်လက်နှင့်
" အန်တီ့ကို ကျနော်ချစ်တယ် " ဆိုတဲ့
လူငယ်တစ်ယောက်ရဲ့ နံရိုးကြားက ထွက်ကျလာခဲ့သည့် အပြာရောင် မိုးဥတုငယ်လေး
ဒီကဗျာ အပါအ၀င် လူတွေ ၊ စိတ္တဇနာမ်တွေ ၊ နောက်ဆိုးပေါ်နည်းပညာတွေ ၊ အရက်ပုလင်းတွေ ၊
မသမာမှု့နဲ့ သဘောင်္ဘူတာတွေ အားလုံးဟာ ၂၁ ရာစုမှာ ပိတ်မိနေပြီ
အိပ်မပျော်တဲ့ ညတွေဆို အိပ်ဆေးသောက်မဲ့အစား ကြယ်တွေကိုပဲ ရေတွက်နေသင့်တယ်
မီးမလာဘူး၊ ပျက်နေပြီ ရာသီဥတုရော ၊ ဇီဝရော ၊ စာရိတ္တရော အကုန်ပဲ
ပစ္စုပ္ပန်တည့်တည့်မှာ ကျွံဝင်သွားတဲ့ အမှတ် ( နုညံ့လွန်းသော အဆိပ် )
စာရေးတက် ဖတ်တက် ယုံလောက်နဲ့တော့ လူငယ်တွေဘာလုပ်နေတယ်ဆိုတာ မသိနှိုင်ဘူး
လက်ဖမိုးလေးပေါ်မှာ ၂၆ စက္ကန့်လောက်သေသွားတယ် လို့ ထင်ရပြီး
့ပြန် ပြန် ရှင်လာတဲ့ စိတ် ၊ စိတ်ငြိမ်ဆေး ဆောင်ထားတက်တဲ့ အလေ့အကျင့်ဟာ
လူကြီး လူကောင်း ပီသမှု့ ၊ အဲ့လိုဆို မကောင်းဘူးလား
လက်ထဲမှာ သိမ်းဆည်းထားခဲ့မိ ပါးချိုင့်ခွက်လေးတစ်ရံ ၊ အန်တီ ဆံပင်တွေ အရမ်းလှတာပဲ
တကယ်တော့ ကျနော့်အသက်က အခုမှ ၂၀ ကျော်ယုံလေးပါ
အသိအတိုင်း ပြောရရင်တော့ အရမ်းပဲ အသည်းကွဲလို့ကောင်းတဲ့ အရွယ်ပေါ့
ဂျိုးဆက်ဖင်း(န်) ကို ကျနော် လုံးဝ မချစ်ဘူး ကျနော့်ကို ပြောပြပါ
ဗိုက်ပူ သစ်သား ဘက်စ် ကားအိုကြီးပေါ်မှာ ရဲတွတ်နေတဲ့ နုတ်ခမ်းလေးနဲ့ အချစ်ရှိနေတယ် မဟုတ်လား
လူငယ်လေးတစ်ယောက် သွပ်သွပ် ခါအောင် ရူးနေပြီ
ရန်ကုန်-မန္တလေး အမှတ် (၄) လမ်းမကြီးပေါ်မှာ ၊ ပဲရစ်က အီဖယ်လ် မျှော်စင်ပေါ်မှာ
နည်းပညာ တက္ကသိုလ်ရဲ့ စာသင်ဆောင်တွေပေါ်မှာ ၊ နမ်းတက်ခါစ နုတ်ခမ်းလေးပေါ်မှာ
အဲလိစဘတ်စ် သောင်းထွန်းတို့ အိမ်နားမှာ ၊ ဒန်မ်းဖိုက်တံဆိပ် စကော့ ၀ီစကီ ပုလင်းထဲမှာ
ဒီလိုပါပဲ မကြာ မကြာ တော့ မှားဖြစ်ပါတယ်
အပေါစား ရုပ်ရှင်ကားထဲက ဇာတ်ဝင်ခန်းတွေလို ကျနော့်ကို မလိမ်ပါနဲ့
အသက်ရှူသံတွေ ကြားကထဲက အန်တီဟာ ခေတ်ပေါ်မိန်းမတစ်ယောက် ဖြစ်တယ်
ကျနော့်ရဲ့ လူငယ်ဘ၀ အာသီသဟာလည်း အန်တီပဲဖြစ်လိမ့်မယ်ဆိုတာကို သိတယ်
လျှပ်စစ် မျှင်တန်းတွေနဲ့ ယက်လုပ်ထားတဲ့ လူ့ယဉ်ကျေးမှု့တွေ ကြားမှာ
စိတ်ခံစားမှု့ဟာ ရူးနေတဲ့ ခွေးလို အမြုပ် တစီစီနဲ့ တစ်ခုခုကို အလောတကြီး ဆာလောင်နေလိမ့်မယ်
နေပူထဲမှာ လမ်းလျှောက်ကြည့်ပါ အန်တီ
မလိုအိပ်တဲ့ အစိတ် အပိုင်းတွေကို ဖြုတ်ချ၊ ဖျက်ချ ထားခဲ့လိုက်ပါ
နောက်ဆုံးပေါ် လင်ဆာကားသစ်ကြီး စီးချင်တဲ့ ဆန္ဒနဲ့ အာကာသထဲကို အသံတွေ လွင့်လိုက်
သိစိတ်နယ်လွန် ဖြစ်ရပ်တစ်ချို့ တိတိကျကျကို မွေးဖွားလာပါလိမ့်မယ်
အန်တီနဲ့ ကျနော်ရဲ့ ပတ်သတ်ဆက်နွယ်မှု့ကို ခပ်ရိုင်းရိုင်း ခေါင်စဉ်တစ်ခု တပ်ပေးပါ
နောက်ပြီး နံရံကပ် ခွေးရုပ်လေး ၀ယ်ပေးပါ ( နှိပ်ရင် အသံမြည်ရမည် ) ၊ ခဏ ခဏ နမ်းပါ
မာတင်ဘော(န်)မန်း နဲ့ မာသာ ထရီဇာ ကိုမသိလည်း ကျနော့်ကို ချစ်လို့ရပါတယ်
နုတ်ခမ်းဆိုးဆေးတွေ ဖျက်ပစ်လိုက်ပါ အန်တီ
ကျနော်ကလည်း ရှက်တက်ကာစ ခေတ်လူငယ်လေးတစ်ယောက်ပဲလေ
မဟုတ်ဘူး ၊ လုံးဝ မဟုတ်ဘူး အန်တီ
ကျနော့်အတွက် အချစ်ဆိုတာ ဘုန်းကြီးလမ်း ပလက်ဖောင်းပေါ်ကနေ
စံပြ ရုပ်ရှင်ရုံကို တစ်နေကုန် ထိုင်ကြည့်နေရခြင်းပဲ ဖြစ်တယ်
ဒါနဲ့ပဲ လဆန်း ၆ ရက်နေ့မှာ ကျနော်ချစ်တဲ့ သူ့ခြေမလေး ရူးသွားတယ် ။ ။



- မောင်မိုးမြင့်

အန်တီ ။ ဇာတ်လမ်း ။ ( အာခီယာ )


(အာခီယာ)

 

 


အလန့်တကြားသတိရလွမ်းဆွတ်မှုတွေဟာ ဘာတွေကို သယ်ဆောင်လာခဲ့သလဲ။ ဘဝရဲ့ကန့်သတ်ထားခြင်း
ခံထားရမှုတွေမှာ ကျွန်တော်အဆန်းတကြယ် ငေးငေးကြည့်မိနေတဲ့ ညနေခင်းတွေ။ ညခင်းတွေ။ မီးရောင်စုံ
တွေ။ ပန်းစည်းတွေ။ ပြီးတော့။ ကျွန်တော်သိမ်ငယ်နေမိခဲ့ရတဲ့ အချို့သောမြင်ကွင်းတွေ။ အမှောင်ချထားတဲ့
အခန်းထောင့်ဟာ ကျွန်တော်မသောက်ချင်တဲ့ဆေးလုံးတွေနဲ့အတူ ကျွန်တော် တိုးတိုးဖွဖွခေါ်နေရတဲ့အန်တီနဲ
့ အတူ ၂၀၁၃ကို ပြန်ရောက်သွားတယ်။ အန်တီ့ကို ကျွန်တော်ချစ်တယ်။ အန်တီရယ် ချစ်ခြင်းမေတ္တာဆိုတာ
အန်တီ ကြိုက်လောက်မဲ့သီချင်းမျိုးကို အန်တီမသိအောင် ခိုးခိုးပြီးဆိုနေရတာကို ခေါ်မလား။ အန်တီမသိနိုင်
လောက်တဲ့ထောင့်ကနေ အန်တီ့မျက်လုံးရီဝေတွေကို ခိုးခိုးကြည့်နေရတာကို ခေါ်မလား။ အန်တီ့ကို
ကျွန်တော် ချစ်တယ်။ (ဟင်)အဲ့ဒီစကားဟာ တို့ဝိုင်းမှာ အဖော်လာထိုင်ပေးလို့ရမလားဆိုတဲ့ မေးခွန်းမှာဘယ်
လို အ သွားပါလိမ့်။ ကံကြမ္မာက အန်တီ့ပခုံးထက် ကျွန်တော့်ကို ကောက်တင်ပေးခဲ့တဲ့ အခိုက်အတန့်ပေါ့ ။
ကျွန်တော် ဟာ သာမန်အဆိုရှင်တစ်ဦးပါ။ အလုပ်သဘောထက်ပိုတဲ့ဆက်ဆံမှုမျိုးကိုများ ကျွန်တော်ကမ်းလှမ်း
မိခဲ့သလား။ အန်တီဟာ ကျွန်တော့်ကို အရမ်းနွေးထွေးတယ်။ တစ်စုံတစ်ခုကို ပုံပြီးယုံမှားပစ်လို့ရနိုင်လောက်
တဲ့အခြေအနေတွေကို စနစ်တကျပေးတယ်။ ကျွန်တော့်စိတ်ကူးတွေဟာ မကြာခဏ ရှက်သွေးဖြာတယ်။
အန်တီဟာ ကျွန်တော့်ဘဝထဲမှာ တစ်နေ့တစ်ခြား ကြီးထွားလို့လာခဲ့တယ်။ ကျွန်တော့်ရူးသွပ်မှုတွေဟာ
သွပ်သွပ်ခါ အောင် ထပ်များရူးသွားမလား။ ကမ္ဘာကြီးဟာ ချာချာလည်နေခဲ့တယ်။ အန်တီ ကျွန်တော့်ကို
ညစာအတူစားဖို့ ဖိတ်တယ် နော်။ ကျွန်တော်အရမ်းပျော်ခဲ့တယ်။ ပျော်ရွှင်မှုဆိုတာ ချစ်ရတဲ့သူနဲ့အတူ ဘာညာ။
ကျွန်တော် လျှောက်အော်တတ်ခဲ့နေခဲ့ပြီ။ မင်းကို တို့ချစ်တယ်။ သာမန်ယောက်ျားလေး တစ်ယောက်ထက်ကို
ပိုချစ်တယ်။ ကျွန်တော် ဘယ်လိုများပြန်ပြောရပါ့မလဲ။ အန်တီ့ကို ကျွန်တော်ချစ်တယ်။အန်တီကျေနပ်သွားသလိုပဲ။
ကျွန်တော့်လက်ဖျား လေးကို လာကိုင်တယ်။ ဘယ်လိုအင်အားမျိုးနဲ့ ကျွန်တော်ရုန်းထွက်ရပါ့မလဲ။ ပျော်ရွှင်မှု
ဘာညာ။ ကျွန်တော်အရမ်းကြည်နူးတယ်။ ကျွန်တော်မသိတော့ဘူး။ အန် တီဟာ အဲ့ဒီညက ကျွန်တော့်ကို
ဘီယာတွေတိုက်တယ်။ ကျွန်တော်မသောက်ဖူးပေမဲ့ အန်တီကျေနပ်အောင် အတူလိုက်သောက်ပေးတယ်။
ကျွန်တော်အရမ်းမူးတယ်။ အန်တီဟာ ကျွန်တော့်ကို တစ်နေရာရာဆီသို့ ခေါ်ဆောင်သွားတယ်။ ကျွန်တော်
ခိုးခိုးကြည့်ခဲ့ရတဲ့ အန်တီရဲ့ရီဝေမျက်လုံးတွေကို အနီးကပ်မြင်ခွင့်ရခဲ့တယ်။ အန်တီ့ကို ကျွန်တော်အရမ်းချစ်
တာ သိထားပေးပါ။ လို့ ပြောခဲ့တာကို ကျွန်တော် နောက်ဆုံးအနေနဲ့ မှတ်မိတာပဲ။ အန်တီ ဟာ ကျွန်တော့်ရဲ့
လူပျိုရည်ဘဝလေးကို ကျွန်တော်မသိပဲ ရယူသွားတယ်။ ဝမ်းမနည်းပေမဲ့ ကျွန်တော် မျက်ရည်ကျတယ်။
အန်တီ့ပခုံးပေါ် မှာ ငိုတယ်။ အန်တီဟာ ကျွန်တော့်ကို ချော့တယ်။ ကိုယ်ချစ်ရတဲ့သူဆီမှာ လူပျိုရည်ပျက်ခဲ့တဲ့
အတွက် နောင်တမရဘူးလို့ ကျွန်တော်ပြောလိုက်တယ်။ နှစ်ယောက်တစ်အိပ်မက်တွေ ဘာညာ ၊ ပျားရည်
ဆမ်းခရီးတွေ နဲ့ မင်္ဂလာဆောင်အကြီးကြီးတွေ ဘာညာ ကျွန်တော် စိတ်ကူးယဉ်တယ်။ အန်တီဟာ
ကျွန်တော့်ဆီမှာ ခဏခဏလိင်အပန်းဖြေတယ်။ ကျွန်တော့်ရဲ့အနာဂါတ်စိတ်ကူးတွေကို ချွေးတွေ
သုပ်ပြီး နားထောင်တယ်။ ကျွန်တော်ပျော်တယ်။ အောင်မြင်ပျော်ရွှင်တဲ့ဖခင်တစ်ယောက်ဖြစ်စေရပါ့မယ်။
လို့ ကျွန်တော် အန်တီ့ကို ကတိပေးတယ်။ အန်တီပြုံးတယ်။ အန်တီဟာ ကျွန်တော့်ကို ခရီးအရှည်ကြီးတွေ
ခဏခဏခေါ်တယ်။ ကျွန်တော့်စိတ်ကူးယဉ်ခရီးလမ်းလေးကိုတော့ မသိချင်ယောင်ဆောင်တယ်။
ကျွန်တော်နာတယ်။ ဒါပေမဲ့ မနာကျင်သလို ပြောတယ်။ တစ်ရက် ကျွန်တော့်ဆီမှာ ကိုယ်ဝန်ရှိနေပြီလို့
အန်တီ့ကို ပြောတယ်။ မြန်မာကားထဲကလို အန်ဖတ်တွေထွက်မလာပဲ တို့ဆီမှာယောက်ျားရှိတယ် ဆို
ပြီး ထွက်လာတယ်။ ကျွန်တော်ရဲ့ပုံအပ်မှုတွေဟာ မျက်နှာအငယ်ငယ်နဲ့။ အရာရာဟာ စနစ်တကျပျက်
ယွင်းဖို့သင့်ခဲ့ပြီဖြစ်မှန်း ကျွန်တော်နောက်ကျမှ သိခဲ့ရတယ်။ အန်တီသိပ်ရက်စက်တယ်နော်။
ဘယ်အပ်ဖျားကလေးနဲ့ထောက်မှ ကျွန်တော့်ကိုယ်ဝန်လေးဟာ ပေါက်ကွဲသွားမှာလဲဟင်။
ကျွန်တော့်ရဲ့ လူပျိုရည်တွေကို ဘယ်လိပ်ပြာကို စုပ်ခိုင်းမှ ပြန်ထွက်လာမှာလဲ။
ဒါပေမဲ့ ကျွန်တော်ဝမ်းမနည်းခဲ့သလို အန်တီဟာ လည်း ကျွန်တော်ရှိတဲ့ဆိုင်ကို မလာတော့ဘူး။
တွေ့နေကြနေရာကိုလည်း မလာတော့ဘူး။ ဘယ်ဆက်သွယ်ရေးဆီသွားပြီး အန်တီ နဲ့ ကျွန်တော်နဲ့ကို
ဆက်သွယ်ခိုင်းရမလဲ။ ညတွေဟာ အရမ်းကို အေးစက်တာပဲ။ အန်တီနဲ့အတူ ရှိခဲ့တဲ့ ဆောင်းညတွေဟာ
တစ်ယောက်တည်းဆို သိပ်ချမ်းတာပဲ။ လို့ ဗိုက်ကလေးကို ပွတ်ပွတ်ပြီး ကျွန်တော် ညည်းမိပြန်တယ်
အန်တီ။ရင်သွေးလေးမွေးလာခဲ့လို့ သားမေမေက ဘယ်သူလဲလို့မေးရင် ကျွန်တော် ဘယ်လို လိမ်ဖြေရမလဲ။
လူတွေရဲ့မျက်လုံးတွေကို ဒီအချိန်မှာ ပထမဦးဆုံး တူးတူးခါးခါးမုန်းမိတာပဲ။ ဘဝမှာ လိုအပ်နေတဲ့အရာ
မှန်သမျှထက်စာရင် လိုအပ်တာထက်ကိုပိုပြီးတော့ အန်တီ့ကို အလိုရှိခဲ့တာ။ မိသားစုဘဝလေးတစ်ခုကို
အတူတူတည်ထောင်ချင်ခဲ့တာ။ အန်တီရဲ့အပေါ်ယံလိမ်ညာမှုတွေကို မသိသလို ကိုယ့်ကိုယ်ကိုယ်
ဆွဲလို့နှစ်ခဲ့မိတာ။ ကျွန်တော်ကုတ်ခြစ်ခဲ့ရသမျှ နံရံပေါ်ကနာမည်တွေဟာ အန်တီ့နာမည်တစ်လုံးပဲ
ဖြစ်ခဲ့တာ။ မူးလဲသွားခဲ့တဲ့ ခဏခဏတိုင်းမှာလည်း အန်တီ့နာမည်ကို အော်ခေါ်ရင်း နိုးထလာခဲ့တာ။
အန်တီဘယ်လိုများကြားနိုင်မှာလဲ။(တကယ်မဟုတ်ပါစေနဲ့)။မကြားနိုင်ပါဘူးဆိုပြီး အန်တီ့ကိုချစ်တယ်
အန်တီ့ကိုချစ်တယ်လို့ ရေပန်းအောက်မှာ ပြောရင်း မေ့မျောသွားခဲ့ပြီး အန်တီ့ရဲ့သွေးနာမည်လေး
ပျက်စပြုလာတာမြင်တော့မှ ရေပန်းကို အလန့်တကြားပိတ်မိခဲ့တာ။ ကျွန်တော်ဟာ အန်တီ့ကို
သိပ်ချစ်တယ်။ ဒါပေမဲ့ အန်တီဟာ ကျွန်တော့်ကို အစိမ်းရောင်အေးစက်မှုမျိုးတွေနဲ့ ထားသွားခဲ့ပြီ။
ဘယ်လေအေးစီးကြောင်းနဲ့ကျွန်တော်လိုက်ပြီးတော့ အန်တီ့ဆီမှာ လာနွေးထွေးလို့ရမလဲဟင်။
စွန့်ပစ်ခံခဲ့ရတဲ့ရှိရှိသမျှသံလိုက်တွေနဲ့ အန်တီ့ကို ဆွဲခေါ်ချင်တယ်။ (ရမလား)လို့ အချိန်အများစုမှာ
တွေးမိတယ်။ နောက်ဆုံးတစ်ခေါက်လောက် ကျွန်တော့်ဗိုက်လေးကို အန်တီဖွဖွလေး နမ်းပေး
နိုင်မလားဟင်။ ကျွန်တော် ကိုယ့်ဆံပင်ကိုယ်လည်း မီးတွေရှို့မိခဲ့သေးတာပဲ။ ကျွန်တော့်ကို
ချစ်တယ်မလားဟင်။ လိမ်ပြီးတော့ ကျွန်တော့်ကို ချစ်တယ်လို့ ပြန်ဖြေပေးပါဦးလား။
ငရဲချောက်ကမ်းပါးထဲကနေ ကျွန်တော့်ကို လာပြီးတော့ ဆယ်ယူပေးပါဦးလား။
ကျွန်တော်မငိုပါဘူး။ ဒါပေမဲ့ ငိုနေမိတယ်လေ။ ဖြစ်မလာသေးတဲ့ရင်သွေးလေးနဲ့ စကားတွေပြောမိတိုင်း
ကျွန်တော်ငိုနေမိတယ်နော်။ အန်တီကတော့ ရယ်ချင်ရယ်နေမှာပေါ့။





အာခီယာ

၂၁ ရက်နေ့ တစ်ရက်၏ နေ့ရေးအကျဉ်း တစ်ခုသာ ဖြစ်ပါသည် ၊၊ ( ဇာတိ - အန္တိမ )


(ဇာတိ - အန္တိမ )


၂၁ ရက်နေ့ တစ်ရက်၏ နေ့ရေးအကျဉ်း တစ်ခုသာ ဖြစ်ပါသည် ၊၊ 
ထို မြင်ကွင်းကို မြင်မြင်ချင်း ခေါင်းငုံ့မိလိုက်ခြင်းဖြစ်သည် ၊၊ ထောင့်မှန်စတုဂံ ပုံ ပန်းသီးတစ်လုံး ကြွေကျ လာသည်ကို (ထိုသူမ) မြင်လိုက်သည် ဟူ၍ ကျွန်တော် မြင်လိုက်သည် ၊၊ ပန်းသီးသည် မည်သည့် အရောင်မှ မပါဝင်ပဲ အကြည်ရောင်ကြီး ဖြစ်နေသော်လည်း ထိုပန်းသီးကို (ထိုသူမ) က ပန်းသီးဟူ၍ မြင်သည်ကို ကျွန်တော် လက်ခံသည်ကိုလဲ (ထိုသူမ) က မြင်သည် ၊၊ ထိုတွင် (ထိုသူမ) က ပြုံးသောအခါ ထို ပန်းသီးသည် နီနီရဲရဲ အော်မြည်၍ ‘ဖောင်း’ ခနဲ ပေါက်သွားသည် ၊၊ ကျွန်တော် သည် အင်္ကျီအနီနှင့် ဖြစ်၍ ၊ ထိုသူမ သည် အင်္ကျီအနီနှင့် ဖြစ်၍ ကျွန်တော်တို့ နှစ်ဦးလုံး (၁၂) နာရီ အတိ ဖြစ်ပါသည် ၊၊
‘ကမ္ဘာက ….
မမ ရဲ့ လက်သည်းခွံကလေးလောက်ပဲ
ကျယ်ပြန့်တာပါလို့ ပြောရင်
အားလုံးနဲ့ လဲပြီး . . . . . ယုံတယ် ၊၊ ၊၊’
ထို မြင်ကွင်းကို မြင်မြင်ချင်း ခေါင်းငုံ့မိလိုက်ခြင်းဖြစ်သည် ၊၊ ကမ္ဘာမြေအား ကျွန်တော် အသိပေးထား သော ချောကလက်ပန်းတစ်ပွင့် ရှိသည် ၊၊ မမ ဟူသော ထိုသူမ ရှိသည် ၊၊ မမ ၏ လက်ဖဝါးများနှင့် ညို့ယူ ပြောင်းလဲ ထားသော မိုးပြာရောင် မြက်ခင်းများ ရှိသည် ၊၊ သက်တန့်ဆီသို့ ပစ်ပေါက်ခဲ့သော သကြားလုံး အခွံများ ရှိသည် ၊၊ ချောကလက်တောင့်ဖြင့် ရေးဆွဲထားသော ပန်းချီကားတစ်ချပ် ရှိသည် ၊၊ ကျွန်တော် ၏ အသက် သွေးကြော များဖြင့် ပြုလုပ်ထားသော မမ ၏ လက်ဗွေရာ ပုံတူ တစ်ခုရှိသည် ၊၊ ကျွန်တော်သည် ပန်းသီးကနေ ဆင်းသက်လာသော လူတစ်ယောက်ဖြစ်ပြီး မမ ရဲ့ လက်သည်းကြားတွင် ညပ်နေသော ပန်းသီးတစ်လုံးမှာ ကျွန်တော် ဖြစ်သည် ၊၊
‘မမ ရှေ့မှာ အသံမထွက်ရဲခဲ့တဲ့
စက္ကူဖြူဖြူလေးတွေ ...
မီးရှို့လိုက်တယ်
မမ အတွက် သီချင်းဖြစ်ပါစေ’
ထို မြင်ကွင်းကို မြင်မြင်ချင်း ခေါင်းငုံ့မိလိုက်ခြင်းဖြစ်သည် ၊၊ မမ ရဲ့ ဖုန်းနံပါတ်တွေဟာ သစ္စာမရှိဘူး ၊၊ ရေခိုးရေငွေ့ သက်သက်နဲ့ ငြိမ်းသွားတဲ့ အခွံကျွတ်မီးတောက်လေးလဲ သေပြီ ၊၊ လေယာဉ်ပျံဟာ ပဒိုင်းသီးတွေနဲ့ ဆောက်ထားတာ … ၊၊ တံခါးနဲ့ ပြုလုပ်ထားတဲ့ ဝင်ပေါက်တွေ နဲ့ လေဟာနယ်နဲ့ ပြုလုပ်ထားတဲ့ ဝင်ပေါက်တွေ … ၊၊ တနင်္ဂနွေနေ့တွေဟာ လူစင်စစ်ဖြစ်သွား … ၊၊ လူစင်စစ် က ဖုန်းနံပါတ် ဖြစ်သွား … ၊၊ ပန်းချီကားလေးတစ်ချပ် ထံတွင် မည်သို့မှ မပြောင်းလဲသော ရာသီဥတု တစ်ခုရှိသည် ၊၊ ‘အင်္ကျီအနီရောင်လေးနဲ့ ပြောချင်လို့ပါ … ၊ အင်္ကျီအနီရောင်လေးနဲ့ ပြောချင်လို့ပါ …’ ၊၊ ပေါင်မုန့်မီးကင်တစ်ချပ်ပေါ်မှာ ကမ္ဘာတစ်ဖက်ကို ရောက်သွားတဲ့ လက်သည်းခွံလေးတစ်ဖက်ကို တွေ့တယ် ၊၊ မမ ရဲ့ ဖုန်းနံပါတ်တွေဟာ သစ္စာမရှိဘူး ၊၊
‘တံခါးတွေလဲ ပွင့်နေခဲ့
ပန်းတွေလဲ ပွင့်နေခဲ့
မမ .. ဘာကြောင့်များ
ကျွန်တော့် လိပ်ပြာလေးမှ ခူးသွားခဲ့တာလဲ…၊၊ ၊၊’
ထို မြင်ကွင်းကို မြင်မြင်ချင်း ခေါင်းငုံ့မိလိုက်ခြင်းဖြစ်သည် ၊၊ မမ ရှေ့က လှေကားထစ်တွေမှာ ရွှေရောင် တောင်ပံတွေနဲ့ … ၊၊ မမကတော့ ကျွန်တော်ဟာ ကြက်ခြေခတ်တွေကနေ ဆင်းသက်လာတာပါလို့ ပြောတယ်၊၊ ကြက်ခြေခတ်ပုံပန်းသီးတစ်လုံး မမ ရဲ့ လက်ထဲက ပြုတ်ကျသွား .. ၊၊ အဲ့ဒီ ပန်းသီးလေး အစိပ်စိပ်အမွှာမွှာ ဖြစ်သွားတော့ အမှားတွေ တပြန့်တကျဲနဲ့ .. ၊၊ ကံကြမ္မာက ပဒိုင်းသီးတွေကို အတောင်ပံ တပ်ပေးတော့မယ် ၊၊ မမ ရဲ့ မျက်လုံးလေးတွေလောက်တော့ ကျွန်တော် နဲ့ နေ ခဲ့ ပေး ပါ လား .. မမ ရယ် ၊၊ ကမ္ဘာတစ်ခြမ်းဟာ စိုစွတ်နေပြီး ကမ္ဘာတစ်ခြမ်းဟာ ခြောက်ကပ်နေတော့မယ် ၊၊ ဒါမှ မဟုတ် .. ကမ္ဘာနှစ်ခြမ်းလုံး ခြောက်ကပ်နေ တော့မယ် ထင်မိပါရဲ့ ၊၊ မမ ကိုယ်တိုင် မှာ ရွှေ ရောင် တောင် ပံ တွေ နဲ့ …. ၊၊
‘ ကျွန်တော်က စည်းမဲ့ကမ်းမဲ့ ပွင့်တဲ့ ‘ငရဲပန်း’ လေ
ဒါပေမယ့် .. မမ မသိပဲ
အနံ့နဲ့တောင် မပစ်မှားခဲ့ပါဘူး
ဆံညို ဖွဖွလေး တို့ ရယ် .. ၊၊ ၊၊’
ထို မြင်ကွင်းကို မြင်မြင်ချင်း ခေါင်းငုံ့မိလိုက်ခြင်းဖြစ်သည် ၊၊ အချိန်တွေ အကြာကြီးဝေးသွားခဲ့ရင် အရာရာ ဟာ နဂိုအတိုင်း စိုထိုင်းလာတာပါပဲ လို့ ထင်မိပါတယ် ၊၊ မိုးပေါ်က လူကူးမျဉ်းကြားတွေ ပြုတ်ကျ လာ ၊၊
မှတ်တိုင်အနီတွေ … နောက် … မီးပွိုင့်အနီတွေ .. ၊၊ ချောကလက်ပန်းပွင့်လေးဟာ လှပနေသေးကြောင်း ကမ္ဘာမြေ က ကျွန်တော့်ကို ပြန်လည်အသိပေးတော့ အချိန်တွေက နောက်မကျပဲ ကျွန်တော်က နောက်ကျနေပြီ၊၊ မမ ဟာ လေပြေအသစ်နဲ့ ပွင့်နေတဲ့ ချောကလက်ပန်းလေး .. မမဟာ ၊၊ မမ ဆီမှာ အင်္ကျီအနီရောင်လေး နောက်ထပ် တစ်ထည်နဲ့ .. မမ ဆီမှာ .. မမ ဆီမှာ .. ၊၊
‘ မမ ရယ်နေပါ ၊၊
ကျွန်တော် မငိုရအောင်
မမ က ရယ်နေပါ ၊၊ ၊၊’
အရာရာကို အသစ်က ပြန်စခိုင်းမယ်ဆိုရင်တောင် ကျွန်တော် ဟာ အဟောင်းအတိုင်းပဲ ကျန်နေခဲ့မှာပါ ၊၊
ကျွန်တော်သည် အလွမ်းကို
နှစ်ချို့အောင် သိမ်းထားသော
နှလုံးသား အခွံလွတ်တစ်ခု
ဖြစ်ပါသည် ၊၊



ဇာတိ ( အန္တိမ )

စိုက်သည့်အတိုင်း ရိတ်ချင်ပါသည်ဆိုမှ လေထန်နေတာနဲ့ ကြုံ ( သိုးထိန်း - အန္တိမ)


(သိုးထိန်း-အန္တိမ)




နိုးကြည့်လိုက်တော့
ပြူတင်းပေါက်က မြင်နေရတဲ့ သစ်ကိုင်းပေါ်မှာ
ဘုရားသခင်ရဲ့ မျက်ခွံတွေ ပွင့်နေတယ်
ရိုးရာမပျက်အောင် တမင်လုပ်ယူထားတဲ့ အဝါရောင်တိမ်တွေ
ထောင်ဒဏ်၂နှစ်တန်တဲ့ လုံချည်ပါးလေးပေါ်မှာ ယှက်ဖြာလို့

သန်းခေါင်ယံနဲ့ နံနက် ၄နာရီကြားမှာ
ကိုယ့်ကိုကိုယ် သတ်သေနှုန်း ဘာလို့ မြင့်မားတာလဲ?
ကျွန်တော် အခု နောက်ထွက်မယ့် အခွေထဲမှာ
အဲဒီအကြောင်းကို သီချင်းတောင် ဆိုထားတယ် [မြို့မငြိမ်း]
ခြေမျက်စိကို လာလာပွတ်နေတာ ပူစီကောင်
ဝေါင်းခနဲ ထိုးဟိန်းလိုက်တာ ကိုယ်မှာ အိပ်ချင်စိတ်တွေ
အပြောက်အပြောက် ထပြီး ပြယ်သွားတယ်
ရူးလောက်တယ်လို့ ပြောတာဟာ ရူးသွားတာ မဟုတ်ဘူး
သူတို့ပြောပြောနေကြတဲ့
အသိုင်းဆိုတာကြီးနဲ့ လာဝိုင်းခံရမှာစိုးလို့ ထွက်ပြေးခဲ့တယ်
အာမဘွန်းဒေ့ဂ်ျ မလုပ်ခင် ပုပ်သွားတဲ့ အမဲသားတွေ
မုတ်သုံလေအားကောင်း၍ ရေခဲသေတ္တာထဲမှာ
လိပ်များ၊ လေယာဉ်ပျံများ၊ လိုင်းကားများ၊ လော်စပီကာများ
လက်ပံပင်ပေါ်မှာ LGBT ဆက်ရက်တွေ လှလိုက်တာ
ဘယ်သူ လောက်လေးဂွနဲ့ ဖြေတော့မှာလဲ
တစ်နိုင်ငံလုံး
မှဲ့လေးတစ်ပေါက်ကအစ လက်နက်ခဲယမ်းမီးကျောက်တွေအထိ
အဲသလိုအချိန်မျိုးမှာ အမှားဆိုတာ
ကိုယ့်ဇာတ်ရုပ် ကိုယ်စိတ်ပျက်နေတဲ့ ဇာတ်ကောင်တွေလို
လွှတ် တော် ထဲ
ပြန်ပေးဆွဲခံထိသွားတဲ့ ကော်ပတ်ရုပ်တွေ
ပလပ်စတစ်အိတ်တွေ
သံပတ်ငှက်ရုပ်လေးတွေ
အင်ဂျင်ပါဝါ နိမ့်လို့ ထင်တယ်
ဗဟိုချုပ်ကိုင်မှု လျှော့ချလိုက်လို့ ထင်တယ်
အရွယ်နဲ့ မလိုက်အောင် ပျော့တွဲ စိုရွှဲလို့
မြောင်းကြီးကြီး လုပ်မှကို ဝုန်းကနဲဆင်းမှာ
ထိုင်းနေတဲ့ လေထုထဲကနေ
မေးစရာမလိုတဲ့အဖြေတွေ ထုတ်လွှင့်နေတယ်
“လူကြီးမင်း ခေါ်စိုသော ဂျွန်လ၏ မိုးရေစက်များမှာ
တပ်ဆင်ထားခြင်း မရှိသေးပါရှင်”
အဲသလို
ကယ်လီဖိုးနီးယားဘုရားလမ်းပေါ်မှာ တစ်ကိုယ်လုံးစိုနေတဲ့ လှလှကြီးပါ
ဂျာman အသင်းဂျာစီနဲ့ သူ့ကို တွေ့ရတာ ရင်ခုန်စွဲမက်ဖွယ် ကောင်းပါရဲ့
အမှန်ဘဲ ဒေါ်လာ ၂ဝတောင် မသုံးနိုင်ပဲနဲ့ ဟိုတယ် တည်းချင်နေတယ်
ကလေးမြို့မှာ ကလေးထုတ်ပြီးဆန္ဒပြလိုက်ရရင်ဖြင့်လို့
ငါးဖမ်းလှေပေါ်ကနေ မြို့ထဲက ရေမြုပ်နေတဲ့ကားတွေကြားလျှောက်သွားရင်း
စဉ်းစားမိလိုက်သေးတယ်
Junction Nay Pyi Taw မှာ ဘကြီးအောင်ကို
Barbie Doll တွေ လိုက်ရောင်းနေတာ တွေ့လိုက်တယ်
ကိုယ့်သိမှုကို ကိုယ်ညာရတာ အဆိုးဆုံးဘဲ
“ဟောဒီမှာ… ဘကြီးအောင်…ဘကြီးအောင်နော်…
ဘကြီးအောင် ရမယ်…ဘကြီးအောင် ရမယ်”
ဟောဒီမှာ အရှေ့အလယ်ပိုင်းကို ဖြတ်ပျံပြီး တင်သွင်းလာတဲ့
လျှာပေါ်တင်လိုက်တာနဲ့ အရည်ပျော်ကျသွားမယ့်
ဝက်DNA ပါတဲ့ ချောကလက်တုံးကလေးတွေ
ဘူဖေးလ်စနစ်နဲ့ ဝယ်ယူသုံးဆောင်နိုင်ကြပါပြီရှင်
မျက်စိဆိုရင်တော့ ဥာဏ်မျက်စိလည်း မျက်ချေးတော့ ရှိမှာဘဲ
ပြူတင်းပေါက်မှာ
သတ်မှတ်နှုန်းအတိုင်း အလိုအလျောက် မောင်းနှင်နေတဲ့ နိုင်ငံတော်ကြီး
ရိုးရာမပျက်အောင်
စတစ်ကာတွေ တစ်ထပ်ပြီး တစ်ထပ်
အရည်အသွေး၊ ဈေးနှုန်း၊ လတ်ဆတ်မှုတွေနဲ့
၁ဝ၄ ဘီလျံစာ ဖာသိဖာသာ နေတတ်အောင်နေထိုင်ခဲ့
သစ်ပင်ပေါ်မှာ
ယောင်တောင်တောင် ကြောင်တက်တက်
မောင်းကျောက်မှန်သည့် ကြက်ကဲ့သို့
ချဲ့ကားအသုံးစားရိတ်တွေနဲ့ ရွှေလင်ပန်းစီမံကိန်းကြီးအတွက်
ဆေးလိပ် = သေဖို့ ၂ဆ ဆိုရင်တော့
ဒီတစ်ဘဝလုံး ဆေးလိပ်ဖိသောက်ထားလိုက်ရင် နောက်ဘဝဆိုတာ မရှိတော့ဘူး




သိုးထိန်း (အန္တိမ)

သူမ စုတ်ဖြဲသွားတဲ့ တနင်္ဂနွေတစ်ခြမ်း ( ဇာတိ - အန္တိမ )


(ဇာတိ- အန္တိမ)



ရူးရူးမိုက်မိုက်ပါပဲ…
တနင်္ဂနွေတွေဆီကို ပြေးလာလိုက်ရတာ
တစ်နေ့က သောကြာနေ့လေးအထိ
ငါ ပြုံးနေတတ်ခဲ့တယ် ၊၊ ၊၊

ပြန်မလာနိုင်တော့ဘူးတဲ့…
အခုတော့ ပင်လယ်မဖြစ်လိုက်ရတဲ့ လှိုင်းလေးကို
ပွေ့ပိုက်သိမ်းဆည်းခဲ့ရ…
သင်းကွဲတယ်ဆိုတာ..
ပလက်ဖောင်းလေး နံဘေးက
ခြောက်ကပ်စွာတိုးတိတ်သွားတဲ့ သီချင်း
တယောသံလေးလည်း ငိုနေခဲ့ပြီ ၊၊
သင်္ကေတလေး ကွဲရှသွားတဲ့ညနေမှာပေါ့
ဘာမှ မရလိုက်ပေမယ့်
ငါ အားလုံးကို ထားခဲ့လိုက်ရတယ် ၊၊
ငါ မငိုခဲ့ပါဘူး . . .
စိုမှာစိုးလို့ တိတ်ပစ်လိုက်ရတဲ့ မိုးတွေလို
ငါ မငိုခဲ့ပါဘူး ကွယ်
ဒီ အငေးလေးတွေ တဖြည်းဖြည်းဝေးတော့မယ် ၊၊
ဘယ်လိုမှ ဖြေလို့မရခဲ့ဘူး .. ၊၊
နောင်လာမယ့် တနင်္ဂနွေတွေဆို
သူမကို ပြန်မရတော့ဘူး
ဘယ်လိုမှ ဖြေလို့မရခဲ့ဘူး ...၊၊
မနက်ဖြန်တွေကို စိုက်ပျိုးပေးနိုင်မလား တဲ့ ...
........................................
ဘယ်လိုမှ ဖြေလို့ မရခဲ့ပါဘူး ...
မေးခွန်းတိုးတိုးလေးတွေရယ် ၊၊
သူမ မျက်နှာအလွှဲမှာ
တနင်္ဂနွေလေး ပြတ်ရှသွား……
ကြယ်တွေကိုယ်စား ကြွေသွားခဲ့ရတယ်
နောင်လာမယ့် တနင်္ဂနွေတွေဆို
သူမ ပြန်မလာတော့ဘူး ၊၊ ၊၊



- ဇာတိ (အန္တိမ)

မငိုပါနဲ့ကွယ် ကြောက်မိတယ် (မောင်မိုးမြင့်)


(မောင်မိုးမြင့်)




ကြောက်စိတ်ဟာ ဘယ်ကလာသလဲ ကိုယ်စဉ်းစားကြည့်မိတယ်
ကော်ဖီခွက်ထဲမှ နိုင်ထက်စီးနင်းပြုမူခြင်းမှ အမှောင်မှ
လက်သည်းချွန်ချွန်ကလေးတွေမှ ဘာသာတရားရဲ့ အဆုံးအမမှ
ဦးခေါင်းတစ်ခုလုံး ပူလောင်စေးထန်းလို့ သိပ်ကြောက်စရာကောင်းတာပဲ
ကြောက်မိတယ် ။
ဝမ်းသာလို့ပဲ ငို ငို ဝမ်းနည်းလို့ပဲ ငို ငို
မျက်ရည်ကျမှ ငိုခြင်းပြီးမြောက်တယ်လို့ ယေဘူယျ ကိုယ်ယူဆမယ်
ဒါဆို မျက်ရည်ကရော ဘယ်ကလာသလဲ ကိုယ်ထပ်ပြီးစဉ်းစားတယ်
ငတ်မွတ်မှုမှ ကြောက်ရွံ့ နာကျင်ခြင်းမှ ဒီမိုကရေစီမှ ဂုဏ်ယူမှုမှ
သေဆုံးခြင်းမှ ပထမအကြိမ် အပျိုရည်ပျက်မှုမှ မဖြစ်နှိုင်ဘူးထင်တာတွေ ဖြစ်လာခြင်းမှ
တစ်ခုမှ မဟုတ်ဘူး ဒါတွေဟာ ကိုယ့်ယူဆမှု အမြင်သက်သက်ပဲ
နုတ်ခမ်းတွေဟာ မသိမသာလေး တုန်ရီလို့
မငိုပါနဲ့ကွယ် ။
စိတ်အတွင်းသားထဲကို မျက်ရည်တွေ ဝင်ကုန်လိမ့်မယ်
နောက်ပြီး ဟောင်းလောင်းပေါက်ကြီးဖြစ်အောင် စားပစ်တော့မှာ
ရှင်သန်မှုဟာ ရွဲ့ စောင်းပြီး ဖွဲ့စည်းပုံပျက်သွား
စိတ်ဟာ အသားတက်အောင် တစ်ဘဝစာလောက် ပြန်စောင့်ရတယ်
အရှိတရားဟာ မငိုတက် အကန်းလိုပဲ
နာကျင်မှုနဲ့ လက်ပွန်းတတီးရှိလာတဲ့အခါ ဘာသာတရားနဲ့ ဖန်တီးမှု မျက်နှာချင်းဆိုင်တဲ့အခါ
ဥာဏ်ပညာကို ပို ပို ပြီး မုန်းလာမိတယ်
အဲ့ဒီ သေချာတဲ့ အမှားတစ်ခုကို တိတိကျကျ ကျူးလွန်ဖို့
ကိုယ့်မှာ နှစ်ဆယ့်ငါးနှစ်လုံးလုံး စောင့်နေခဲ့ရတာ
မငိုပါနဲ့ကွယ် ။ ကြောက်မိတယ် ။
မင်းဟာ မင်းအမေဝင်စားတာ မဟုတ်ဘူးဆိုတဲ့ အဆိုနဲ့ ခပ်ဆင်ဆင်
အမှန်တရားမျိုးကို တွေ့တဲ့အခါ
မျက်ရည်တွေဟာ အကြောက်တရားနဲ့ ခမ်းခြောက်ကုန်
လူသေကောင်လိုပဲ ကိုယ့်သူငယ်အိမ်ဟာ အလုပ် မလုပ်တော့
ကိုယ်ပြောသားပဲ
မယုံကြည်ရတဲ့အထဲမှာ မျက်လုံးနဲ့နားက အဆိုးဆုံး ဆိုတာလေ
လောကမှာ ကြောက်ဖို့အကောင်းဆုံးက ကြောက်တက်ခြင်းပဲ
မငိုပါနဲ့ကွယ်
အာလုံးကို လစ်လျူရှု့ ပြီး ပျော်ပျော်ပါးပါး
အဆိပ်ပင်တွေကို ကိုယ်တို့ တူတူ ရေလောင်းကြတာပေါ့ ။ ။




(မောင်မိုးမြင့်)

- မောင်မိုးမြင့်

Monday, February 1, 2016

ပစ္စုပ္ပန်၏ တည့်တည့်အရပ်၌ ရှိသော ( မောင်မိုးချို )


(မောင်မိုးချို)



အိပ်မက်ရဲ့ အပေါ်ဆုံးကြယ်သီးကို တပ်လိုက် ။
မျက်စိနှစ်လုံးကို နေသားတကျဖြစ်သည်အထိ စောင့် ။
ဆန္ဒကို လက်ဝဲဘက်ရောက်တဲ့အထိ ခေါက်ချိုးပါးပါးချိုးပြီး ဘယ်ဘက် ဘောင်းဘီအိတ်ကပ်ထဲ ထိုးထည့် ။
ရှိုက်ဖွာလက်စ ဘယ်ဘက်လက်ဖျံကို တစ်ဖွာ နှစ်ဖွာ မီးမသေရုံ အငွေ့တွေနဲ့ အတွေးထဲ တစ်စ တစ်စ ။
နှစ် ၂၀ ကျော် ။ နှစ် ၃၀ ကျော် ဒီနောက် ၄၀ ကျော် ။
အတ္တ ကို ဝါးလုံးရှည်နဲ့ သိမ်းပြီးရမ်းထည့်လိုက် ။
မူးရေလေးတစ်ခွက်နှစ်ခွက် ။ လွယ်အိတ်ထောင့်စွန်းက အပေါက်ထဲ မျှော်လင့်ချက်က ခုန်ဝင်လိုက် ။
လျှောကျလိုက် ။ မနက်ဖြန်ကို မက်ဆေ့ခ်ျပို့ပါ ။
အမှားအယွင်း ရှိပါသလား ။ လူဆိုတာ ရေခဲမှတ်အောက်ဘယ်မျှ ။
အပူချိန် အမှားအမှန် ။ ရာနှုန်းပြည့်ကွက်လပ်များဖြင့် အောင်မြင်ပြီးမြောက်ပြီးဖြစ်ကြောင်း ။
စသည်ဖြင့် ။
အပျော်အပါး နဲ့ အလေအလွင့် ဟာ ဟိုမှာ ဒီမှာ ကပ်ပါးကောင်လို ဖုန်မှုန့်လို ။
သွားဖို့လာဖို့ ဖိနပ်ကြိုး ချည်တယ် ။
တချို့က တစ်လှမ်း ။
တချို့က နှစ်လှမ်း ။
အလဲအကွဲများတဲ့ သံသရာကနေ ဟိုဘက်ကမ်းမှာ . . .




 မောင်မိုးချို

သုံးပင်လိမ်ထားတဲ့ ကြိုးတွေ (Beta Version) ( နွေစကူး- ညီမိုးဆွေ- မင်းဘုန်းနိုင် )


(မင်းဘုန်းနိုင် - ညီမိုးဆွေ - နွေစကူး)



ချစ်ခြင်းမေတ္တာ တစ်ပိုင်းတစလဲကျနေတယ်။ စကားလုံးတွေရဲ့ အစအနတွေတောင်ပြန်ရှာမရ
တော့ဘူးလို့ ကဗျာဆရာဟာ တစ်ကိုယ်စာညည်းတွားနေလေရဲ့။
ဖောက်ပြန် ပျက်စီးခြင်းတွေ
ကို သစ္စာတရားလို့ ခေါင်းစဉ်တပ်ပြီး ကဗျာတစ်ပိုင်းတစအဖြစ် ရေးရင်ကောင်းမလား။
အမှန်တရားဆိုတာ ငါတို့နောက်ကျောတွေကို ဓါးလိုထောက်နေတဲ့ ကောင်လို့ဆဲရေးပစ်လိုက်
ရရင်ကောင်းမလား ကဗျာဆရာစဉ်းစားနေပါတယ်။
အပိုင်းအစတွေရဲ့ အစမှာ ကဗျာဆရာ ဟာ တစ်ယောက်တည်းငိုချလိုက်ရမလား ။
ခေတ်ကြီးကိုပဲအော်အော် ပစ်လိုက်ရမလား။ ချစ်ခြင်းမေတ္တာကိုပဲ ရိုက်ချိုးပစ်လိုက်ရမလား
မေးခွန်းတွေဟာ ကဗျာဆရာကိုသတ်နေပါတယ်။
တကယ်တော့ ကဗျာဆရာကိုယ်တိုင် ကဗျာဆရာလို့ သူ့ကိုဘာကြောင့်ခေါ်သလဲဆိုတာ
စဉ်းစားရင်း အချိန်တစ်ချို့ကိုဖြုန်းတီးမိနေရဲ့။
ဝဋ်ကြွေးတစ်ချို့။ အနာတရအမည်ခံ အနုပညာတချို့။ ညည်းတွားပူဇော်ခြင်းဆိုင်ရာ ကိုးကွယ်
ယုံကြည်မှုတချို့။ ချို့တဲ့နေတဲ့ ဘာသာစကားရဲ့နောက်ကို ဘယ်လို ကျည်ဆန်မျိုးနဲ့ လိုက်ပါ
ရမလဲ ကဗျာဆရာရဲ့အတ္တထဲမှာ တွေးတောနေပြန်ပါတယ်။
တကယ်တော့ပြုလုပ်ခြင်းဆိုင်ရာ ကိစ္စတစ်ချို့ဟာ ဘယ်လို ပုံသေနည်းမျိုးတွေနဲ့ရှင်သန်ရမလဲ။
သူ့သူငယ်ချင်းပန်းချီဆရာဆီမှာရှိနေတဲ့ အရောင်ဗေဒတစ်ချို့ကို ပြန်လည်လေ့လာမိနေတယ်။
ကဗျာဆရာရယ် အတွေး အခေါ်တချို့ရယ် စံထားပြုစရာ ဝိနည်းဥပဒေသတွေရယ်
ဘယ်ဆက်သွားရမလဲ။
အမှန်နဲ့အမှားကြားမှာ ပီပီမြည်မြည်ခွဲခြားမရတာတွေကိုကဗျာဆရာတွေးနေတယ်။ အမှန်နဲ့ အမှားသွားထိစပ်နေတဲ့ ထောင့်ချိုးလိုနေရာတွေ ဘယ်လောက်ရှိနေမလဲ ကဗျာဆရာဆက်တွေးနေတယ်။ သူ့ဖြစ်တည်မှုနဲ့ ကဗျာဆရာဆိုတာ နဲ့ ဘယ်လိုသွားချိတ်မိနေတာလဲ၊ အဲဒါကလဲ ထိစပ်နေတဲ့ ထောင့်ချိုးလေးလားလို့ ကဗျာဆရာတွေးကြည့်တယ်။ ကဗျာလို့ သူစွပ်စွဲထားတဲ့ စာသားအဖွဲ့အစပ်တွေကိုထိုင်ပြီး ကဗျာဆရာတစ်မေးတည်းမေးနေတယ်။ စာသားအဖွဲ့အစပ် တွေကြားမှာ အစစ်အမှန်လောကရှိလား၊ ဒိဋ္ဌဓမ္မလောက ရော စာသားတွေ၊ ဘာသာစကားတွေကြားမှာရှိလားတွေး တယ်။ ဘာသာစကားတွေမရှိရင်ရော ဒိဋ္ဌဓမ္မလောကဘာဖြစ်သွားမလဲ ကဗျာဆရာတွေးနေတယ်။ သူ့အသက်ရှုမှုကို သိပ်မတွေးဖြစ်တော့ဘဲ မေးခွန်းတွေကို တမေးတည်းမေးနေတယ်။ တဖြေတည်းလည်းဖြေနေတယ်။ သူဖြေနေတဲ့ အဖြေတွေကို သူပြန်အတွန့်တက်နေတယ်။ သူ့ဆီမှာ ထောင်းထောင်းထ အုံကြွသောင်းကျန်းနေတဲ့ လိင်စိတ်ကို ပွင့်လင်းစွာထုတ်ဖော်ပြောဆိုလိုတဲ့အကြောင်း ခေါင်းထဲမှာ အတွေးတွေများနေတယ်။ ဖွင့်ထုတ်ပြောဆိုလိုက်ဖို့ ရှက်ရွံတဲ့ အကြောင်းကိုလဲ ဆက်တွေးနေတယ်။ အဲဒီနှစ်ခုမှာရော ဘယ်လိုထောင့်ချိုးလေးတွေနဲ့ချိတ်မိနေလဲဆိုတာ စိတ်ဝင်စားနေတယ်။ ကဗျာဆရာက သူ့ခေါင်းထဲမှာ စဉ်ဆက်မပြတ်ဖြစ်ပြီး သူ့ဘာသာပြန်ချေဖျက်နေမိတဲ့ အတွေးတွေကို တည်ဆောက်ခံသိမှုက လာတာလို့ စွပ်စွဲနေတယ်။ ပြီးတော့ တည်ဆောက်ခံသိမှုဆိုတဲ့ စကားလုံးကို သူဘယ်ကရလာသလဲဆိုတာကိုလည်း ဆက်စဉ်းစားနေတယ်။ ဘာသာစကားအရ အဓိပ္ပါယ်တွေပြန့်ကားသွားနေတာ ကို ဆက်စဉ်းစားပြန်တယ်။ အဓိပ္ပါယ်တွေဆိုတာကရော အမှန်တွေလားဆိုတာနဲ့ တည်ဆောက်ခံတွေလား ပကတိတွေလားဆိုတာကို သူဆက်တွေးမိတယ်။ အဲဒီနောက်မှာမှ သူ့ အသက်ရှင်မှုနဲ့ အဲဒီအတွေးတွေအားလုံးဘယ်လိုချိတ်မိထားလဲ သူဆက်တွေးမိတယ်။ ဒါကရော ဘယ်လိုထောင့်ချိုးမျိုးလဲ။ အဲဒီထောင့်ချိုးကို အနုပညာလို့များ သမုတ်ခဲ့ကြသလား။ ယောင်ယောင်နနနဲ့တွေးနေတယ်။
ကဗျာဆရာဟာ သွက်ချာပါဒဖြစ်နေတဲ့ ကိုယ်ကျင့်တရားကို စခရင်ရှု့ရိုက်တင် ။ Facebook Privacy မှာ Friends only ဆိုပြီး Status နဲ့ ။ မျက်စိထဲ မီးပွှားကျလာရင် ထအော်ကြ ။ သီအိုရီအသစ် ၊ ဝါဒအသစ် ၊ လူသားအသစ် ။ '' Eek . . . ma nout pr nalt '' ။ နောက်ဆိုရင် အိမ်ခေါင်းရင်းမှာ ဒဿနပညာရှင်တွေကို ကိုးကွယ်ဖို့ စင်လုပ်ရမယ် ။ ကဗျာဆရာဟာ သဲကြိုးပြတ်နေတဲ့ ဖိနပ်ကြီးနဲ့ တစ်အိမ်ဝင် တစ်အိမ်ထွက် ။ တုံဏှိဘာဝေခေတ်ကြီး စလွယ်သိုင်းလို့ Moral ဟာ Modern မဟုတ်ဘူး ။ ဘာညာပေါ့ စသဖြင့် ။ ပုလင်းဖင် မျက်မှန်ထဲ ကမ္ဘာကို လော့ခ်ချပြီးကြည့်တော့ ပန်းသီးနှစ်လုံးဟာ အတွင်းခံမပါတဲ့ မိန်းမတစ်ယောက်ရဲ့ ရင်သားဖြစ်သွားတယ် ။ Idealism ဆိုတာ ဖက်ခေါင်းအုံးပေါ် ထွက်ကျသွားတဲ့ သုတ်ပိုးတစ်ကောင်စ နှစ်ကောင်စ လောက်ပေါ့ ။ နာကျင်ရပါတယ် ဆိုတဲ့စကားထဲမှာပဲ ပျော်ရွှင်နေကြ ။ ကဗျာဆရာဟာ ကျွန်တော်ကဗျာဆရာ မဟုတ်ပါဘူးလို့ပြောတယ် ။ ဒီတော့ ကဗျာထဲက ဇာတ်ကောင်က ကဗျာဆရာဟာ ကျုပ်ပါဆိုပြီး ထွက်လာ ။ နောက်ဆုံးတော့ ရက်မပြည့်ဘဲမွေးတဲ့ ကဗျာတွေ အချင်းတိုင်ပါမလာရှာတော့ ။
ကဗျာဆရာဟာ



 နွေစကူး- ညီမိုးဆွေ- မင်းဘုန်းနိုင်

ရှင့်ဆီ ကျမ ရောက်ရှိခဲ့တယ် ... မိုင်ပေါင်းထောင်သောင်းချီ၍ ။ (ရင်ခွင်ရှိန်း)


(ရင်ခွင်ရှိန်း)




ကျမတစ်ယောက်တည်း ဘာလို့ငိုနေရလဲ ။
ရှင်ရော အတူတူ ငိုနေဖို့ မဖြစ်နိုင်ဘူးလား
ကျမ လက်ထဲမှာ တစ်ခုခုကို ဆုပ်ကိုင်ထားမိတယ် ။ ဘာလို့ ရှင့် ဆံပင်တွေမဖြစ်ရမှာလဲ
ကျမ အကျယ်ကြီး အော်ငိုနေမိတာလား ။ မိုင်ပေါင်းထောင်သောင်းချီ၍ ကျမ ငိုနေရမှာလား
ကျမ ကိုပင်လယ်ကို ခေါ်ထုတ်သွားစမ်းပါ ။ ပင်လယ်ပြင်အောက်မှာ ခရုခွံတွေရှိနေမလား
ကမ်းခြေတွေမှာ ကျမ မြင်ဖူးတယ် သိလား ။ ခရုခွံတွေလေ ။
ကလေးငယ်တွေ နဲ့ ကောင်မလေးတွေလိုက်ကောက်နေကြတာကိုပေါ့ ။
သက်မဲ့ခရုခွံတွေကို လက်ကြားလေးထဲထည့်ပြီး မှုတ်လိုက်တဲ့အခါ
အဝေးကြီးကို အော်ခေါ်လို့ရတဲ့ အသံတစ်ခုအဖြစ်ပြောင်းလဲသွားတယ်
ဒါကြောင့် ကျမ ခရုခွံတွေကို ချစ်တယ်။
ကျမ ကို ပင်လယ်ပြင်ကိုသာ ခေါ်ထုတ်သွားစမ်းပါ
ရှင့် ခန္ဓာကိုယ်ဟာ အရမ်းနွေးထွေးနေတာပဲ
ကျမ ကို ဘာလို့ ပြန်မဖက်ထားနိုင်ရတာလဲ
ကျမ တို့ ဝေးများသွားတာလား ။ မဖြစ်နိုင်ဘူး သိရဲ့လား ။
အော်သံတစ်ခု ကျမ ခုနက ကြားလိုက်တယ် ။ ကျမ ရဲ့အော်သံပဲဖြစ်နေခဲ့မလား
ရှင့်လက်မောင်းက ကျမ သွားအရာလေးတွေ ဘယ်ရောက်ကုန်ပြီလဲ
ကျမ အမှောင်ကို အရမ်းကြောက်တယ် ။ ရှင်သိပါတယ် ။
အိမ်ပြန်နောက်ကျတဲ့နေ့တွေမှာ လမ်းထိပ်က လူတွေက မူးမူးနေတတ်တယ်။
ကျမ ခန္ဓာကိုယ် ကို ရှင်မဟုတ်တဲ့ တခြားယောက်ျားတစ်ယောက်က ရယူပစ်လိုက်မှာ
ရှင်လည်း ကြောက်တယ်ပြောတယ် ။ ကျမ လည်း ကြောက်တယ်ပြောတယ် ။
ခြောက်လက်မလောက် ဓါးလေးတစ်ချောင်းကို မွေးနေ့လက်ဆောင်လို့ ရှင်ခေါ်တယ်
ကျမ ကို သူက ကာကွယ်နိုင်ပါ့မလား
ကျမ လူတွေရဲ့ စိတ်အညစ်အနွမ်းတွေကို ကာကွယ်နိုင်ပါ့မလားရှင်ရယ်
ရှင် ကျမ နားကိုမြန်မြန်လာခဲ့ပါ
ထွေးဖက်ထားပြီး "ငါရှိတယ်" လို့ပြောစမ်းပါ
ကျမ အမှောင်ကို သိပ်ကြောက်တယ်ဆိုတာ ရှင်သိပါတယ်။
ဘာလို့ ရှင့်ကို သတိရနေရတာလဲ ကျမကို ရှင်ဖြေပါလား
ကျမတို့ နမ်းခဲ့ဖူးတယ် ။ ရှင့်နှုတ်ခမ်းတွေက နွေးထွေးနေတာပဲ
ကျမ ခု အရမ်းအိပ်ချင်နေတယ် ။
ရှင်နဲ့ အိပ်ချင်နေတယ် ။ သွေးသားဆန္ဒဖြစ်ပေါ်နေတယ်
အွန်လိုင်းပေါ်က "သတိရတယ်"ဆိုတဲ့ စာသားနဲ့ ကျမ လိင်ဆက်ဆံပစ်နေခဲ့ရတယ်
ကီးဘုတ်ပေါ်က ကျမ လက်ချောင်းတွေဟာ ဘာလို့ သိပ်နာကျင်နေခဲ့ရတာလဲ
ရေဒီယိုမှာ တစ်နေ့တာလုံး ဖောက်ပြန်ရေးအစီအစဉ်တွေပဲလာနေတယ်ရှင်
ကျမ သိပ်နာကျင်တာပဲ
ကျမ လက်ထဲမှာ တစ်ခုခုကို ဆုပ်ကိုင်ထားမိတယ် ဆိုတာ ကျမ သတိမထားမိပါရစေနဲ့
ရှင့် အိမ်မက်တွေအထိ ကျမက ကိုက်ခဲထားတယ်လို့ ရှင်ပြောတယ်
ကျမ သိပ်ပျော်တာပဲဆိုပြီး တစ်ပတ်လောက် ခေါင်းတွေကိုက်ခဲခဲ့ရတယ်
ရှင် ကျမကို လိုအပ်နေခဲ့သလား
ရှင် ငြင်းနိုင်ပါတယ် ။
ရှင့် ကွန်ပြူတာထဲက ပွန်းကားတွေနဲ့ လိင်စိတ်နှိုးဆွတဲ့ ပုံတွေဟာ
ကျမ ပျက်ကွက်ရခြင်းနဲ့ သက်ဆိုင်နေခဲ့လားလို့ ကျမ မေးရင် ..
ပင်လယ်ခရုခွံတွေ ရှင်သွားကောက်ပါလား
ကျမ သူတို့ကို ချစ်တယ်လို့ ပြောဖူးတယ်လေ
တစ်နေ့နေ့ရောက်ရင် ကျမ တို့ဟန်းနီးမွန်းကို ပင်လယ်ပြင်ဆီ လှေတစ်စင်းနဲ့လွှတ်လိုက်မယ်
ကျမ တို့ဟန်းနီးမွန်းဟာ ပင်လယ်ခရုတွေကိုတော့ မုန်းနေလိမ့်မယ်
ပင်လယ်ခရုခွံတွေကို သူချစ်မှာမဟုတ်ဘူး ။
ကျမ အသိစိတ်တွေ ပြန်မ၀င်ချင်တော့ဘူး
ကျမ အတွေးတွေနဲ့ အိမ်မက်တွေထဲမှာပဲ နစ်မြုပ်သွားတဲ့ လှေတစ်စင်းဖြစ်ချင်တယ်
ပင်လယ်ပြင်အောက်က ခရုတွေကို ကျမ သွားကောက်နေဖို့ပေါ့
အိမ်လေး တစ်လုံးရှိမယ်ရှင် ။ အ၀ါရောင်လေးပေါ့
မနက်ဆို ကျမ က အစောကြီးထမယ် ။ မနက်စာတစ်ခုခု ရှင့်အတွက် စီစဉ်ပေးမယ်။
ရှင် နိုးထ မလာခင် ရှင့်နဖူးလေးကို အနမ်းလေးပေးချင်တယ်။
ရှင်က ကလေးလေးနဲ့ သိပ်တူတာပဲ
ရှင် အိပ်ပျော်နေတဲ့ ပုံလေးက သိပ်ငြိမ်းချမ်းတာပဲ လို့ ကျမ တိတ်တိတ်ကလေးရေရွတ်ချင်တယ်
ကျမ ခု ရှင့်နဖူးလေးကို အနမ်းလေးပေးနေပြီ သိရဲ့လား
ဘာလို့ ကျမ ခန္ဓာကိုယ် က နွေးထွေးပြီး ရှင့် ခန္ဓာကိုယ် က အေးစက်နေရတာလဲ
ကျမ မုန်းလိုက်တာ ။ ကျမ ငိုမိတော့မယ်
ကျမ ကို ချော့ပါ ။
"မဟုတ်ပါဘူးကွာ ကိုယ် မင်းတစ်ယောက်တည်းကိုပဲ ချစ်တာပါ" လို့ ပြောပါ။
ကျမ ခု သိပ်ကြားချင်နေတာပဲ
အရာအားလုံးက ကျမ အတွက် ဘာလို့ တိတ်ဆိတ်နေရတာလဲ
အမှောင်ကို ကျမ သိပ်ကြောက်တာပဲ
မီးလည်း ကျမ ခုမဖွင့်ရဲဘူး
ကျမ အသိစိတ်တွေ မ၀င်ရဲတော့ဘူး ရှင်ရယ်
မော့ကြည့်မိတော့ မျက်နှာကျက်တစ်ခု ကျမ တွေ့တယ် ရှင်သိလား ။
ကျမတို့ နှစ်ယောက်ရဲ့ချစ်မေတ္တာလိုပဲ
မျက်နှာကျက်အောက်မှာ ကျမ ခု ထိုင်နေတယ် ။
ငိုတယ်ဆိုတဲ့ မျက်လုံးတွေကိုလည်း မှိတ်ခိုင်းထားလိုက်တယ်
ကျမ ခု အသိစိတ်ကို ကြောက်နေတယ်
တအား ကြောက်နေတယ်ရှင်ရယ်
ကျမ မှိတ်ထားတဲ့ မျက်လုံးတွေဆီကနေ ကျမ မငိုတဲ့ မျက်ရည်တွေကျနေတယ်
မျက်နှာကျက်ဆီမှာပဲ ကျမ စိတ်ကို ရောက်နေစေချင်တယ်
မျက်နှာကျက်မှာ မီးလုံးတစ်လုံးက ချိတ်မိနေတယ်
သစ္စာတရားလို့ ကျမ က တိတ်တိတ်ကလေး ရေရွတ်မိတယ်
ခု ကျမ အခန်းတစ်ခုထဲ ရောက်နေတယ်ရှင်ရယ်
တစ်ခန်းလုံး မှောင်မည်းနေတာပဲ
အော် ... ရှင့်ကို ကျမ ပြောရဦးမယ် ။ ရှင့်ကို မပြောဖြစ်တာတစ်ခုခုကိုပေါ့
ကျမ ရှင့်ဆီကိုလေ အသိမပေးပဲ အမြဲလာနေချင်တာပဲ လို့ ။
အခန်းက မှောင်နေတာပဲရှင်
ကျမ ကို ရှင် ပြန်ဖက်ထားပေးပါလား
ခုလို အေးစက်နေတဲ့ခန္ဓာကိုယ်နဲ့မဟုတ်ပဲနဲ့ပေါ့။
ချစ်မေတ္တာဟာ သွေးလည်ပတ်မှုတစ်ခုလို နှလုံးသားဆီသို့
ပြီးတော့ ... အဝေးက ခရုမှုတ်သံတွေ ကျမ နားထဲမှာ ဆူညံနေတာပဲရှင်
အရမ်း ရက်စက်တယ်ရှင်က
သိပ်အေးစက်နေတာပဲရှင်က
ကျမ ရှင့်ဘေးမှာ ရှိနေတာတောင် ကျမ ကို မဖက်ထားနိုင်ဘူး
ကျမက ခရုခွံတွေနဲ့အလှဆင်ထားတဲ့ ရှင့်မွေးနေ့လက်ဆောင်ကို
တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိတယ်
ရှင့် သွေးတွေနဲ့ ... ။



ရင်ခွင်ရှိန်း

ကြိုး (- ရုပ်သေး )

- ရုပ်သေး


ဟာသ မမြောက်ခဲ့ပါဘူး
ဒီနေ့ ပါးချိုင့်လေးပေါ် တက်လာတဲ့ ကြွက်တစ်ကောင်ဟာ
ငါ ဖြစ်နေခဲ့တယ်


- ရုပ်သေး
‘ ရှိနေသေးတာပဲဖြစ်ဖြစ် ၊ မရှိတော့တာပဲဖြစ်ဖြစ် ’



( ဇာတိ - ရုပ်သေး )



ပျံချင်တယ်
အဝေးဆုံးကိုရော
အမြင့်ကြီးကိုရော
.... အခုက
ဒီနာမည်ကြားတိုင်း
မီးနံ့ရတဲ့ ပိုးဖလံတစ်ကောင်လိုပဲဖြစ်ဖြစ်နေရတာပဲ
အခုလဲ ... ငါ့ကိုယ်ငါ သတ်သေချင်နေမှုမှာ
ငါ့ကိုယ်ငါ မသင်္ကာရနဲ့
ငါ့ကိုယ်ငါ ပြန်စွပ်စွဲ
ငါ့ကိုယ်ငါ ပြန်ချိန်းခြောက်
..... အခု မှောင်နေတာ ညကြောင့်လား
သောက်မယ့်ရေထဲမှာလဲ အမှောင်တွေနဲ့
နှင်းဆီဆိုတာ နှင်းတွေကနေ ဆင်းသက်လာတာ
အဲ့ဒီမိန်းမ အဲ့ဒီလိုပြောခဲ့တာကို
အခုလို ... ယုံ(ယုံ)ပစ်လိုက်တာပဲ

ပက်လက်လှန်အိပ်လဲ ငါ့ဘာသာ မြေကြီးမြင်ချင်မြင်မယ် နင့်အပူမပါဘူး
... အခု ဖြစ်သင့်တာက
စိတ်ကူး(နေတဲ့)ယာဉ်လေးဟာ
လိပ်ပြာလွင့်ပြီး
သေ(သွား)ရမှာ......၊ ၊၊ ၊၊
သေ(အ)ပြစ်ရမလိုနဲ့
ပြေး ..
နှင်းဆီအရိပ်နဲ့ လွတ်အောင်
လေယာဉ်ပျံကြီးစီးလို့
ပြေး ...
မယုံရ အ(ထိ) အ(တွေ့)က
နက်တဲ့ ဖန်ခွက်ထဲ
အလျားလိုက် ... ပြေး
ဒေါင်းလိုက် .. ပြေး
ငါ့ ဝိဥာဉ်မရှိဘူး ..
အခန်းက အမှောင်ချထားတဲ့ ည အသွေးနဲ့အသားနဲ့
ငါ့ အင်္ကျီကုတ်ပိုးမှာ မပီမသတဲ့ အသံတွေ ပေကျံလို့
( သွား ) တယ်
ဘယ်ဘက်က အိပ်မက်မှာ
ငါ့ကိုငါ ပြန်(တွေ့)
ဆုံးပါးသွားမှုမှာ ငါမ(ပါ)ခဲ့ဘူး
ဆိုတာက ... နင်မရှိဘူး
နှင်းဆီမပန်တတ်တဲ့ နင်
ရထားပေါ်မှာပါမလာဘူး
ဆိုတာက ..
ဘာမှလုပ်တတ်စရာမလိုဘူး
ထီးဖွင့်ဆောင်းတတ်ဖို့ပဲ လိုတယ်
…….. ပြီးတော့….
အခု ဒီမိန်းမ ကြောင့်
ဒီစာရွက်လေး ပေကျံသွားတာကို
ဆေးပေးဖို့
ဆေးပေးဖို့ (ကုသဖို့)
ဆေးပေးမီးယူ ကဗျာတစ်ပုဒ်လောက်လဲ လိုတယ်၊၊ ၊၊

 

ဇာတိ - ရုပ်သေး 

ခေါင်းစဉ် - ( U2 – With Or Without You )

ဂျင်းနီရဲ့အိမ်ပြန်ညနေတွေ




( ဓီရ်ခေတ်အိမ်)



တိတ်ဆိတ်နေမယ့် အိမ်မြင်ကွင်းတွေ ပြေးမြင်ပြီး
ခြေလှမ်းတွေ လေးလံလာ ။
ဂျင်းနီတစ်ယောက် ပြန်လာတယ် ။

ပလိုင်းထဲက အရုပ်ကလေးတွေလည်း မရှိတော့ ။
အိမ်ဦးခန်းက မီးအိမ်ကလေးလည်း မရှိတော့ ။
ယာတောထဲက ပျိုးခင်းတွေလည်း မရှိတော့ ။
လှိုက်ခနဲ ။
ဂျင်းနီတို့ အိမ်စာတွေအကြောင်း ဆက်မိတော့
ကျောင်းကြီးလည်း အရင်လို ရယ်သံတွေမထွက်တော့ ။
တဖြည်းဖြည်းမှောင်လာတယ်
မိသားစုကင်းမဲ့နေတဲ့ လူနေအိမ်များစွာဟာ ယမ်းထဲမှာ
နာကျင်စွာ တဖြည်းဖြည်း မှောင်လာတယ် ။
"တိတ်စမ်း ။
အပြင်မထွက်နဲ့ ။ ဒီမှာကြည့်ထား။"
စုန်းကဝေတွေများစွာ ။
မကောင်းဆိုးဝါးတွေ ပူးကပ်နေတဲ့ စုန်းကဝေတွေများစွာ ။
ယမ်းငွေ့ တွေ သယ်ဆောင်လာတဲ့ အဲ့ဒီ့ စုန်းကဝေတွေများစွာ ။
ရှိစေတော့။
အခု ဂျင်းနီပြန်လာတယ် ။
ဘာမှမရှိတော့တဲ့ ယာခင်းလေးဆီ
ဂျင်းနီပြန်လာတယ် ။
ဘုရားသခင်လည်းမရှိ
တနင်္ဂနွေလည်းမရှိ
ဆာတိုရိရနေတဲ့ နံနက်ခင်းစားပွဲလည်းမရှိ
ယုံကြည်ချက်နဲ့ စစ်မက်ဆိုပြီး
လူ့ အဖွဲ့ အစည်းတွေပြောပြောနေတဲ့
အစိုးရဆိုတာလား ဘာလဲ
အဲဒါလည်းမရှိ ။ ဂျင်းနီတို့ မှာ ဘာမှမရှိ ။
အဲ့ဒီအရပ်ကနေ ဂျင်းနီအခုပြန်လာတယ်။တနင့်နင့်။
မိသားစုနဲ့ အိမ်မက်မှာ
ရယ်မောသံနဲ့ ချစ်ခြင်းတရားတွေ ပြည့်လို့ ။
မြက်ခင်းပြင်နဲ့ စာသင်ကျောင်းလေးမှာ
ကလေးငယ်ဘဝနဲ့ အကျီအဖြူလေးတွေ ပြည့်လို့ ။
အခုတော့စောက်တလွဲ ။
ဘုရားသခင်ကို ဘုရားသခင်ရဲ့လူတွေ ပြန်သတ်လိုက်သလိုမျိုး
ဟင်္သာတွေ အချင်းချင်းပြန်သတ်လို့ ။
အနီရောင်တွေ ။အနီရောင်တွေ ။
အနီရောင်တွေစွန်းထင်းလို့ ။
မြင်မြင်သမျှ ပတ်ဝန်းကျင်မှာ
ဂျင်းနီပတ်လည် အနီရောင်တွေ စွန်းထင်းလို့ ။
အံ့သြစရာ
ဂျင်းနီရဲ့မိဘတွေ ကလေးဘဝက
ကြောက်ရွံ့ မှုနဲ့ နာခံမှုများ
အာဂါတနဲ့ ဇာတိမာန်များ
သူတို့ အိမ်စာထဲ မှားထည့်ပေးလိုက်သလား ။
အခုညနေမှာ
လူဆိုးလို့ ပြောတဲ့လူတွေရွာထဲဝင်လာတော့
လူကောင်းလို့ ပြောတဲ့လူတွေရွာထဲဝင်လာ ။
အနိဋ္ဌာရုံတွေများစွာနဲ့ ။
ရယ်သံတွေကင်းဆိတ်နေတဲ့
ယမ်းငွေပုံပြင်တွေကြားထဲ
ကလေးငယ်တွေ အိမ်ပြန်လာခဲ့ပေါ့ ။


ဓီရ်ခေတ်အိမ်

ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ

ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ



(မောင်မိုးမြင့်)



အရေပြားအနှံ့ မီးလောင်ဖုတွေ ပေါက်နေသလို
စိတ်က အဖတ်လိုက် ကွာကျလာ
စိုးရိမ်မှု့တွေ သောကတွေနဲ့ အာခေါင်တစ်လျှောက်
လက်ဖျား လက်သည်းခွံကြားထဲအထိ
ကိုယ် အေးစက် နာကျင်နေခဲ့ရ ။

သွေးသား ၊ ငွေကြေး ၊ ချစ်ခြင်းမေတ္တာ ၊ အဆင့်မှီ လူ့အဖွဲ့အစည်း
အပြုသဘောဆောင် အသက်အရွယ် အပိုင်းအခြား
" ကျုပ်ကတော့ ကျုပ်ကိုယ်ကျုပ်ကလွဲရင်
ဘာကိုမှ သိပ်အယုံ အကြည် မရှိလှပါဘူး "
လူကို ငွေကြေးနဲ့ မျှားမယ် ဒါမှ မဟုတ်
ငွေကြေးကို လူနဲ့ ပြန်မျှားမယ် ။
ကစဥ့်ကလျား စိုးရိမ်မှု့တွေ ပူးကပ်ပျော့ခေါက်
အာခေါင်ထဲက နှိုက်ထုတ်လိုက်ရတဲ့
ခေတ်ရဲ့ လိုအပ်ချက် တောင်းဆိုမှု့တစ်ချို့
အကျိုးအကြောင်း အဆိုးအကောင်းတွေပါပဲကွယ်
အသက်ရှင် နေထိုင်မှု့ ပုံရိပ်က တစ်စ တစ်စ
မှုံရီေ၀၀ါးလာခဲ့
ကားဟွန်းသံတွေရဲ့ အောက်မှာ
ကျနော့်အပေါ်ထားတဲ့ အမေ့မျှော်လင့်ချက်
ထုနဲ့ ထည်နဲ့ကို အရည်ပျော်ကျလုပြီ ။
ကိုယ်ဟာ ကမ္ဘာကြီးရဲ့ သွေးပြန်ကြော တစ်ချောင်းပဲ
Science is the Gods,
ရုပ်ပိုင်းဆိုင်ရာ တိမ်းညွှတ်မှု့တွေကို
အားပါးတရ ရယ်မောပစ်လေ့ရှိတယ် ။
ယုံကြည်မှု့ လွန်ကဲခြင်း ဖြစ်စဉ်မှာ
အရင်းအနှီးတွေ အရမ်းများတာပဲ မြို့မလေးရယ်
အဲ့ဒီ လျှာ ဖျား လေး ပေါ့
ကြိမ်လုံးဖြစ်လိုက် ၊ ဓားသွားဖြစ်လိုက်
ဘာသာ ဗေဒရဲ့ အသိမ့်မွေ့ဆုံး ကူးလူးမှု့
အရှိတရားဟာ အပေါစား အရက်တစ်ခွက်ပဲ
တန်ဖိုးနိမ့်ကျခြင်း ၊ အရသာ ပျက်စီးခြင်း ၊ ပုံမှန် မဟုတ်ခြင်း
အနုတ်လက္ခဏာတွေနဲ့ ပြည့်နှက်နေတဲ့
ေ ဘ း ထြ က္ ဆို း က်ိ ဳ း မ ေ လ း
သက်ကွင်းထဲရောက်အောင် လာခဲ့မယ် ။ ။



- မောင်မိုးမြင့်